ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်စီးနင်းသည့် စစ်ဘက်အရာရှိ ၅ ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်စီးနင်းသည့် စစ်ဘက်အရာရှိ ၅ ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး

နိုဝင်ဘာ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းက ၀င်ရောက်စီးနင်းရာတွင် ပါ၀င်သော စစ်ဘက်အရာရှိ အပါအ၀င် အခြားအဆင့်သက်သေငါးဦးကို ယနေ့ ပြန်ခေါ်သက်သေများအဖြစ် စစ်ဆေးခဲ့ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ နို၀င်ဘာ ၁ ရက်တွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှု ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅အမှုတို့ကို စစ်ဆေးကြားနာခဲ့ခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်အမှုနှင့် ဆက်သွယ်ရေးဥပဒေအမှုတို့အတွက် စတင်စစ်ဆေးခဲ့ပြီး ယင်းအမှုနှစ်မှုတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ၀င်ရောက် စီးနင်းဖမ်းဆီးရာတွင် ပါ၀င်ခဲ့သော စစ်ဖက်အရာရှိ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး နှစ်ဦး၊ တပ်ကြပ် အဆင့်တစ်ဦးနှင့် ရဲမှူးတစ်ဦးတို့ကို ပြန်ခေါ်သက်သေအဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် သဘာဝဘေးအန္တရာယ် အမှုအတွက် ဆက်လက်စစ်ဆေးရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျမ်းကျိန်၍ ကိုယ်တိုင်သက်သေထွက်ဆိုခဲ့သည်။ သူမအနေဖြင့် ကိုယ်တိုင် သက်သေထွက်ဆိုရာတွင် အမှုနှင့် ပတ်သက်သည့် အကြောင်းအရာကို မည်သို့ထွက်ဆိုသွားသည်ကိုမူ မသိရှိရသေးကြောင်း ဆိုသည်။

ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သော အမှု သုံးမှုစလုံးအတွက် နို၀င်ဘာ ၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required