ပြင်းထန်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ဂျပန်ဝန်ကြီးချုပ် ကြေညာ 

ပြင်းထန်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ဂျပန်ဝန်ကြီးချုပ် ကြေညာ 
Photo - AFP

နိုဝင်ဘာ ၁

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့ အာဏာရညွန့်ပေါင်းအစိုးရဟာ အမျိုးသားရွေးကောက်ပွဲတွေမှာ ခိုင်ခိုင်မာမာ မဲအများစု ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီးနောက် တနင်္လာနေ့မှာ ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာပါတယ်။ 

တာဝန်ရှိသူတွေက မဲရေတွက်မှု အပြီးသတ်နေချိန်မှာပဲ ရေရှည်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP နဲ့ ညွှန့်ပေါင်းမိတ်ဖက် ကိုမီအိတိုတို့ဟာ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၄၆၅ နေရာမှာ ၂၉၃ နေရာ အနိုင်ရကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြပါတယ်။ 

“အတော်လေး ပြင်းထန်တဲ့ ရွေးကောက်ပွဲပါပဲ၊ ဒါပေမဲ့ တည်ငြိမ်တဲ့ LDP နဲ့ ကိုမီအိတို အစိုးရနဲ့ ကီရှီဒါအစိုးရရဲ့ လက်အောက်မှာ နိုင်ငံရဲ့ အနာဂတ်ကို ပြည်သူတွေက ဆက်လက်ပုံဖော်စေချင်တယ်ဆိုတာ ပြသနေပါတယ်”လို့ ကီရှီဒါက ပြောပါတယ်။ 

“ကျွန်တော်တို့ LDP ပါတီကနေ အမတ်နေရာ ၂၆၁ နေရာ ရရှိပါတယ်။ တာဝန်ခံရမယ့် ပါတီတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ကျွန်တော်တို့ ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်”လို့ ရာထူးလက်ခံတာ တစ်လကျော်ပြီဖြစ်တဲ့ ဝန်ကြီးချုပ် ကီရှီဒါက ဆိုပါတယ်။ 

ရွေးကောက်ပွဲ ရလဒ်သစ် ထွက်ပေါ်လာပြီးနောက်မှာ စံဈေးကွက် Nikkei စတော့ရှယ်ယာ အညွှန်းကိန်း ၂ ရာခိုင်နှုန်းကျော် ထိုးတက်ခဲ့ပါတယ်။ အာဏာရအဖွဲ့အနေနဲ့ မဲအနိုင်ရလဒ်ကြောင့် ကပ်ဘေးအတွင်း စီးပွားရေးစေ့ဆော်မှုကနေ အစိုးရအသုံးစရိတ်တွေအထိ ဥပဒေကြမ်းပြုနိုင်ပြီ ဖြစ်ပါတယ်။ 

အာဏာရညွှန့်ပေါင်းအဖွဲ့အနေနဲ့ လွှတ်တော်မှာ အရင်က အမတ်နေရာ ၃၀၅ နေရာ ရရှိထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required