အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန် မြန်မာနိုင်ငံသို့ လာရောက်မည်

အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန် မြန်မာနိုင်ငံသို့ လာရောက်မည်

နိုဝင်ဘာ ၁

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းတစ်ဦး ဖြစ်သလို နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်သည့် ဘီလ် ရစ်ချတ်ဆန်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပုဂ္ဂလိကမစ်ရှင်တစ်ခုအတွက် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၃၁ ရက်တွင် ပြောသည်။ ၎င်း၏ လူသားချင်းစာနာမှု မစ်ရှင်က ကပ်ရောဂါဆိုင်ရာ ကူညီထောက်ပံ့မှုများကို အာရုံစိုက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ  စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုများ၊ အကြမ်းဖက် ဖြိုခွင်းမှုများနှင့်အတူ မတည်မငြိမ် ဖြစ်နေခဲ့သည်။ ဆန္ဒပြသူများသည် ရိုက်နှက်ဖြိုခွင်းခံရမှုများ၊ ဖမ်းဆီးခံရမှုများနှင့် ကြုံတွေ့ထားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရတစ်ရပ် ပြန်တက်မလာမချင်း မြန်မာနှင့်အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန်က ပြောထားသည်။

ရစ်ချတ်ဆန်က ပြောကြားရာတွင် ၎င်း၏ စင်တာအနေဖြင့် မြန်မာပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့သည့် ရှည်လျားသည့် သမိုင်းကြောင်းတစ်ခု ရှိကြောင်း ပြောခဲ့သည်။ သို့သော် ၎င်း၏ ခရီးစဉ် ကြေညာမှုတွင် အာဏာသိမ်းမှုကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိသလို မြန်မာနိုင်ငံသို့ ရောက်ရှိပါက မည်သူတို့နှင့် တွေ့ရန် စီစဉ်ထားသလဲ ဆိုသည်ကို အသေးစိတ်ပြောဆိုခြင်း မရှိပေ။

"မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းရင်းနဲ့ ကျွန်တော်တို့ဟာ COVID-19 ကာကွယ်ဆေးတွေ၊ ဆေးပစ္စည်းတွေနဲ့ အခြား အများပြည်သူကျန်းမာရေးလိုအပ်ချက်တွေကို လူသားချင်းစာနာမှုအရ ဖြန့်ဝေမှု လုပ်နိုင်မယ့် လမ်းကြောင်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ကျွန်တော် ဒီနိုင်ငံကို လာမှာ ဖြစ်ပါတယ်" ဟု ၎င်းက ထုတ်ပြန်သည်။

အဆိုပါ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း သိရှိထားပြီးဖြစ်ကြောင်း ရစ်ချတ်ဆန်၏ ပြောရေးဆိုခွင့်ရှိသူ မက်ဒီလိန်း မာဟိုနီက ပြောသည်။

ရစ်ချတ်ဆန်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်တလော မှတ်ချက်ပေးခြင်း မရှိပေ။

ရစ်ချတ်ဆန်သည် မြန်မာခရီးစဉ်အတွင်း မေလ ၂၄ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖန်စတာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမလား ဆိုသည်ကို ပြောကြားရန် မာဟိုနီက ငြင်းဆန်သည်။

အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာသည် အမေရိကန်သို့ ထွက်ခွာရန် လုပ်ဆောင်ခဲ့ချိန် ရန်ကုန်လေဆိပ်၌ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ရန်ကုန်အခြေစိုက် အွန်လိုင်းမဂ္ဂဇင်း Frontier Myanmar ၏ အုပ်ချုပ်မှုအယ်ဒီတာ ဖြစ်သည်။ မစ္စတာ ဖန်စတာကို ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် စွဲဆိုထားသည်။ ထိုပုဒ်မက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတစ်ခု ဖြစ်သည်။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန်သည် ၂၀၁၈ ခုနှစ် ကလည်း မြန်မာနိုင်ငံသို့ လာရောက်ထားခဲ့ဖူးသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required