ရုရှားမှ S-400 ဒုံးကျည်စနစ်ကို အိန္ဒိယက ဝယ်ယူခွင့် ပိတ်ပင်ထားမှုအား ပယ်ဖျက်ရန် အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို

ရုရှားမှ S-400 ဒုံးကျည်စနစ်ကို အိန္ဒိယက ဝယ်ယူခွင့် ပိတ်ပင်ထားမှုအား ပယ်ဖျက်ရန် အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို

အိန္ဒိယအနေဖြင့် ရုရှားလုပ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်အား ဝယ်ယူခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးရန် အမေရိကန် အထက်လွှတ်တော်အမတ်များအပါအဝင် ထင်ရှားသည့် နိုင်ငံရေးသမားများက တောင်းဆိုလိုက်ပြီး ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း တောင်းဆိုလိုက်သည်။

အမေရိကန်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက် နှောက်ယှက်မှုကြောင့် ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ကွန်ဂရက်က ချမှတ်ခဲ့သည့် အမေရိကန်အပေါ် ရန်ပြုသူများအား ပိတ်ဆို့အရေးယူမှုများဖြင့် တန်ပြန်ခြင်း ဥပဒေ (CAATSA) သည် အိန္ဒိယနိုင်ငံအပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်းလည်း အမေရိကန်-အိန္ဒိယ စီးပွားရေးကောင်စီ၊ အမေရိကန်-အိန္ဒိယ မိတ်ဖက်ကေင်စီ၊ အကူအညီပေးရေးအုပ်စုများ၊ လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရအနေဖြင့် အိန္ဒိယအပါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို ရုပ်သိမ်းပေးရန် အမေရိကန်လွှတ်တော် အမတ်များက လေးနက်စွာ တောင်းဆိုခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အိနိ္ဒိယသို့ ရုရှားမှ လက်နက်များ တင်သွင်းမှုသည် ယခင် ၅ နှစ်နှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံဖိုးရှိ အမေရိကန် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန်လည်း ၂၀၂၀ ပြည့်နှစ်အတွင်းက သဘောတူညီခဲ့သည်။

ရီပတ်ပလစ်ကင် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ကွန်နီက သူ၏ မှတ်ချက်တွင် အိန္ဒိယအနေဖြင့် ရုရှားမှ စစ်လက်နက်ဝယ်ယူခြင်းကို အမြောက်အများ လျှော့ချပြီးဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်တို့အကြား မဟာဗျူဟာ ဆက်ဆံရေးလည်း တိုးတက်လာပြီဖြစ်ကြောင်း ပြောကြားသည်။

“အိန္ဒိယအနေနဲ့ ရုရှားရဲ့ စစ်လက်နက်ပစ္စည်းတွေအပေါ် အားထားမှုဟာ သိသိသာသာ လျော့ကျလာပါပြီး အမေရိကန်ကနေ ဝယ်ယူဖို့ စိတ်ဝင်စားလာတာလည်း တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အိန္ဒိယသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၅ ဒသမ၄ ဘီလျံတန်ဖိုးရှိ S-400 Triumf မြေပြင်မှ ဝေဟစ်ပစ် ဒုံးကျည်စနစ်ကို ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ အိန္ဒိယက ငွေသားပေးချေမှုကို လက်ငင်းပြုလုပ်ခဲ့ ပြီး ၂၀၂၅ ခုနှစ်တွင် အပြီးဝယ်ယူရန် စီစဉ်ခဲ့သည်။ ယင်းစနစ်များကို ယခုနှစ်ကုန်တွင် စတင်ရရှိမည်ဟု မျှော်မှန်းထားသည်။

“ပိတ်ဆို့အရေးယူမှုတွေကို မဖယ်ရှားရင် ဘာအကျိုးအမြတ်မှ ရှိမလာနိုင်တဲ့အပြင် ၂ နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင် လုပ်ဆောင်ရာမှာလည်း အခက်အခဲတွေ ရှိလာနိုင်ပါတယ်” တက္ကဆက်ပြည်နယ်အထက်လွှတ်တော်အမတ် ကွန်နီက ပြောကြားသည်။

အဆိုပါ လက်နက်များကို ဝယ်ယူသည့်အတွက် တူရကီနိုင်ငံကိုလည်း ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်က ပိတ်ဆို့အရေးယူချမှတ်ခဲ့သည်။

အမေရိကန်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးသည် ၂၁ ရာစုတွင် အရေးကြီးဆုံး အကြောင်းအရာများအနက်တစ်ခုဖြစ်ကြောင်းနှင့် ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် ကုန်သွယ်ရေး သဘောတူညီချက်အပါအဝင် စီးပွားရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန် ၂ နိုင်ငံစလုံးက လုပ်ဆောင်ရမည် ဖြစ်သည်။

အမေရိကန်-အိန္ဒိယမိတ်ဖက် ကောင်စီဥက္ကဌဆာဝါဒက်ရှ်ချက်တာဂျီက ၂ နိုင်ငံအကြား ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ်များတွင် တိုးတက်ခဲ့ကာ ဆက်လက်ကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly