မဘသဘုန်းကြီးများဦးဆောင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ ငွေကျပ် ၁၅,၀၀၀ ဖြင့် စည်းရုံးခေါ်ဆောင်

31 October 2021
မဘသဘုန်းကြီးများဦးဆောင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲ ငွေကျပ် ၁၅,၀၀၀ ဖြင့် စည်းရုံးခေါ်ဆောင်

အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်တွင် မဘသဘုန်းကြီးအချို့ဦးဆောင်ပြီး စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ကြရာ ယင်းထောက်ခံပွဲကို လိုက်ပါလာသူတိုင်း ငွေကျပ်တစ်‌သောင်းခွဲ ရရှိသည်ဟု လိုက်ပါလာသူများထံမှသိရသည်။

ယနေ့ အောက်တိုဘာ၃၁ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် လောကနန္ဒာဘုရားရှေ့မှ စတင်ကာ သာယာဝတီခရိုင်ဘောလုံးကွင်းသို့ စစ်တပ်ထောက်ခံသူ အင်အား၂၀၀ကျော်ဖြင့် လမ်းလျောက်ချီတက်ခဲ့ပြီး ဟောပြောပွဲပြုလုပ်ခဲ့ကြသည်။

“ရွာကို ကားနဲ့လိုက်ခေါ်တာလေ တစ်သောင်းခွဲရမယ်ဆိုတော့ လိုက်လာတာ အိမ်က လေးယောက်ပါတယ်> လောလောဆယ်အလုပ်မရှိတဲ့ အချိန်ဆိုတော့ အဆင်ပြေတယ်”ဟု ထောက်ခံပွဲကို လိုက်ပါလာသူ အမျိုးသားတစ်ဦးကပြောသည်။

ယနေ့စစ်တပ်ထောက်ခံပွဲကို သာယာဝတီ၊ လက်ပံတန်းနှင့် မင်းလှမြို့နယ်တို့မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပါဝင်သူအချို့မှာ နယ်မြေခံစစ်တပ်မှ မိသားစုဝင်များပါဖြစ်ကြောင်းသိရသည်။

“ညွှန်ကြားချက်နဲ့လာတာဗျ။ စစ်တပ်ထောက်ခံပွဲကို လူများများနဲ့ လုပ်ရမယ်ဆိုပြီး၊ သာယာဝတီမြို့မှာက ငွေနဲ့စည်းရုံးတာတောင် မလိုက်ကြလို့ တခြားမြို့က ခေါ်ရတယ် ခလရ(၁)နဲ့ (၃၅)ထဲက သူတွေအင်အားဖြည့်လိုက်ရတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စစ်တပ်နှင့်နီးစပ်သူတဦးမှပြောသည်။

အဆိုပါတပ်ထောက်ခံပွဲပြုလုပ်နေချိန်တွင် အထက(၂)ရှေ့၊ဗိုလ်မြဒင်လမ်းတို့တွင် ကား၊ဆိုင်ကယ်တို့ကို တင်းကျပ်စွာစစ်ဆေးလျှက်ရှိပြီး လက်နက်ကိုင်များမှ အရပ်ဝတ်ဖြင့် လုံခြုံရေးယူနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required