မြန်မာစစ်တပ်၏ နှိပ်စက်ညှဉ်းပန်းမှုလုပ်ရပ်များကို စုံစမ်းစစ်ဆေးရေး အမေရိကန် တိုက်တွန်း

မြန်မာစစ်တပ်၏ နှိပ်စက်ညှဉ်းပန်းမှုလုပ်ရပ်များကို စုံစမ်းစစ်ဆေးရေး အမေရိကန် တိုက်တွန်း
Photo - AP

အောက်တိုဘာ ၂၉

မြန်မာစစ်တပ်သည် နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းနေကြောင်း အေပီသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီးနောက် အဆိုပါ လုပ်ရပ်များအပေါ် နာကြည်းတုန်လှုပ်မိကြောင်း ထုတ်ဖော်ပြီး ယင်းတို့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်သွားရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကလည်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အခိုင်အမာ ဖိအားပေးရေးအတွက် တိုက်တွန်းထားခဲ့သည်။ အေပီ၏ စုံစမ်းဖော်ထုတ်ရေးသားမှု ထွက်ပေါ်ပြီးနောက် ယင်းနှင့်ပတ်သက်ပြီး အရေးယူလုပ်ဆောင်ရေး ဝါရှင်တန်ရှိ ဥပဒေပြုအမတ်များက ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။ မြန်မာတွင် ဖေဖေါ်ဝါရီလ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံရပြီး ပြန်လွတ်လာသည့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၂၈ ဦးနှင့် အင်တာဗျူး မေးမြန်းမှုများအပေါ် အခြေတည်ကာ အေပီက စုံစမ်းဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။

"မြန်မာစစ်တပ်အာဏာပိုင်တွေက နိုင်ငံတဝန်း 'စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု' ကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိတို့ အင်မတန် တုန်လှုပ်မိသလို စိတ်ပူပန်မိတယ်၊ မြန်မာမှာ ညှဉ်းပန်းနှိပ်စက်မှု သတင်းတွေကို ခိုင်ခိုင်လုံလုံ စုံစမ်းစစ်ဆေးရမှာ ဖြစ်သလို ဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရပါလိမ့်မယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဓာတ်ပုံ သက်သေအထောက်အထားများ၊ ပုံကြမ်းများ၊ အကျဉ်းသားများထံမှ စာများနှင့် မကြာသေးခင်က စစ်တပ်ကို စွန့်ခွာခဲ့သည့် စစ်အရာရှိသုံးဦးတို့၏ ဖွင့်ဟပြောပြချက်များ ပါဝင်သည့် အေပီ၏ ဖော်ထုတ်ရေးသားမှုသည် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၉,၀၀၀ ကျော်ကို ထိန်းသိမ်းဖမ်းဆီးထားခဲ့သည့် အလွန်သိုသိပ်လျှို့ဝှက်သည့် ဖမ်းဆီးထိန်းသိမ်းမှု စနစ်တစ်ခုနှင့်ပတ်သက်ပြီး အပြည့်စုံအကျယ်ပြန့်ဆုံး ပုံပန်းသွင်ပြင်တစ်ခုကို ပံ့ပိုးပေးသည်။ အင်တာဗျူးများနှင့် ဂြိုဟ်တု ပုံရိပ်များအပေါ် အခြေပြုလျက်ဖြင့် အကျဉ်းထောင်များ၊ ရဲအချုပ်များနှင့်အတူ နိုင်ငံတဝန်း အသုံးပြုနေသည့် စစ်ကြောရေးစင်တာ တစ်ဒါဇင်ခန့်ကို အေပီက ခွဲခြားဖော်ထုတ်ခဲ့သည်။

ဖေဖေါ်ဝါရီလနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၎င်းတို့ထဲတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် ထိန်းသိမ်းခံရသူ ၁၃၁ ဦးထက်မနည်း ပါဝင်သည်။

တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် ယင်း၏ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို ဖုံးကွယ်ရန်လည်း လုပ်ဆောင်ထားခဲ့သည်ကို အေပီက တွေ့ရှိခဲ့သည်။ အဆင့်မြင့်တပ်မှူးတစ်ဦး၏ လက်ထောက်တစ်ဦးက အေပီကို ပြောခဲ့ရာတွင် ၎င်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကျဉ်းသားနှစ်ဦးကို အသက်သေစေသည်အထိ နှိပ်စက်ညှဉ်းပန်းခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု ပြောသည်။ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသူများ၏ အလောင်းများတွင် စစ်သားများက ဂလူးကို့စ် ပိုက်ကိရိယာများ တပ်ဆင်ချိတ်ဆွဲပြီး အဆိုပါအမျိုးသားများ အသက်ရှင်နေဆဲ ဖြစ်သယောင် ဖန်တီးခဲ့မှုများ ရှိခဲ့သလို ယင်းနောက် စစ်ဆရာဝန်တစ်ဦးကိုလည်း ၎င်းတို့၏ အလောင်းခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာများကို လိမ်လည်အတုဖန်တီးရန် ခိုင်းစေခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

"အေပီ၏ စုံစမ်းဖော်ထုတ်ရေးသားမှုက အာဏာသိမ်းစစ်အုပ်စု၏ ဥပဒေချိုးဖောက် နှိပ်စက်ညှဉ်းပန်းမှု ကမ်ပိန်း၏ အတိုင်းအတာနှင့် စနစ်တကျ ရှိနေသည့် သဘောသဘာဝနှင့်ပတ်သက်ပြီး ကူညီရှင်းပြနေသည်" ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်က ပြောသည်။ "ထိန်းသိမ်းခံထားရသူတွေကို အသက်သေစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေကို တိုက်ရိုက် မျက်မြင်တွေ့ရှိထားခဲ့တဲ့ စစ်တပ်အမှုထမ်းတွေရဲ့ ဝန်ခံမှုက တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းစေဖို့ အားထုတ်မှုတွေအတွက်ရော ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ စစ်ကြောရေးစင်တာ တည်နေရာတွေနဲ့ပတ်သက်လို့ အေပီရဲ့ ဖော်ထုတ်ရေးသားမှုတွေအတွက်ပါ အင်မတန် အရေးကြီးပါတယ်" ဟု ၎င်းက ပြောသည်။

"ညှဉ်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ရန် စစ်တပ်ဘက်က အားထုတ်မှုများ ရှိနေသည့်အတွက်ကြောင့်လည်း အေပီ၏ ဖော်ထုတ်ရေးသားမှုက ပြဿနာ ထုထည်ကြီးရဲ့ တစ်စွန်းတစ်စမျှသာ ဖြစ်နေသေးနိုင်ကြောင်း အန်ဒရူးစ်က ပြောခဲ့သည်။

ယခု ဖော်ထုတ်တွေ့ရှိချက်များ ထွက်ပေါ်ပြီးနောက် မြန်မာစစ်တပ်ကို ဒဏ်ခတ်ရေး ရည်ရွယ်သည့် BURMA Act ဥပဒေနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရေးအတွက် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က အောက်လွှတ်တော်ကို တိုက်တွန်းခဲ့သည်။ ယင်းဥပဒေက မြန်မာစစ်တပ်အပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခွင့်ပြုမည်ဖြစ်သည်။

လက်ရှိတွင် အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်တပ် ရာထူးမြင့်ပုဂ္ဂိုလ်များနှင့် စစ်တပ်ပိုင် လုပ်ငန်းအဖွဲ့အစည်းများအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီးဖြစ်သော်လည်း မြန်မာတွင် လုပ်ကိုင်နေသည့် အမေရိကန်နှင့် ပြင်သစ် ရေနံ၊ ဓာတ်ငွေ့ ကုမ္ပဏီများအပေါ် ဒဏ်ခတ်မှု ချမှတ်ရသေးခြင်း မရှိပေ။ ယင်းက မြန်မာစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရရှိသည့် အကြီးဆုံး ရင်းမြစ်တစ်ခုအဖြစ် ဆက်လက်ရရှိစေပြီး စစ်တပ်က ထိုငွေများကို တစိတ်တဒေသအားဖြင့် လက်နက်ဝယ်ရန် အသုံးပြုနိုင်သည်။

"မြန်မာအာဏာသိမ်းစစ်တပ်က ကျူးလွန်ထားခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အေပီရဲ့ ရေးသားဖော်ပြချက်ဟာဆိုရင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်မှု အပါအဝင် တသီတသန်းရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေထဲမှာ ဝမ်းနည်းစရာကောင်းလောက်အောင် ခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်" ဟု မက်ကောလ်က ပြောခဲ့သည်။

တချိန်တည်းမှာပင် BURMA Act ဥပဒေ ပြဋ္ဌာန်းရေးအတွက် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီဝင် ဂရက်ဂိုရီ မိခ်ကလည်း ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required