“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ်ရင်ခွင်မှာ ပြန်ခိုလှံုဖို့ မစဉ်းစားဘဲ အချုပ်အခြာအာဏာကို အလေးထားခဲ့သူ ”

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ်ရင်ခွင်မှာ ပြန်ခိုလှံုဖို့ မစဉ်းစားဘဲ အချုပ်အခြာအာဏာကို အလေးထားခဲ့သူ ”

လက်ရှိ မြန်မာနိုင်ငံရဲ့ အလွန်ထူးခြားတဲ့ အခြေအနေကြောင့် အခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း ရွေးချယ်လို့ လုံလောက်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေဆဲ၊ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲကို စွမ်းဆောင် အောင်နိုင်ခဲ့သူ ရှိသလို၊ အပြောင်းအလဲကို လက်ခံခဲ့သူလည်း ရှိလို့ပါပဲ။ ဒါဟာလည်း နှစ်ပါင်း ၅၀ ကျော်အကြာမှာ တစ်ယောက်ဆို တစ်ယောက် ပေါ်ပေါက်လာတာဖြစ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ၂၀၁၅ ခုနှစ်ရဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ချင်ပါတယ်။

ဒီနေရာမှာ ပြောစရာတော့ တစ်ခု ရှိပါတယ်။ အခု အပြောင်းအလဲကို လက်သင့်ခံလိုက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟုတ်ပဲ၊ အခြားသူ တစ်ယောက်ယောက် ဖြစ်နေရင် ရော ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီအတွက် ဖြေနိုင်တာကတော့ အပြောင်းအလဲကို လက်သင့်ခံရင်လည်း ခံမယ်၊ မခံပဲ အခြားတစ်ခုခု လုပ်ရင်လည်း လုပ်လိမ့်မယ်၊ မပြောနိုင်ဘူး ဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မြန်မာ့တပ်မတော်ရဲ့ သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၁၉၆၂ ခုနှစ်ကစ တာဝန်ယူခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် အားလုံးရဲ့ အစဉ်အလာကနေ လမ်းခွဲခဲ့သူ ဖြစ်လေတော့ သူ့ကို ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် ရွေးချယ်သင့်ပါတယ်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အပြီး မြန်မာ့သမိုင်းအတွက် အလွန်အရေးပါတဲ့ ပြောစကား တစ်ခွန်း ပေါ်ပေါက်လာပါတယ်။ အဲဒီ သမိုင်းဝင် စကားလုံးကတော့ ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လက်တွဲပြီး အလုပ် အတူ လုပ်သွားမယ် ဆိုတဲ့ စကားပါ။ ဒီ စကားကို ပြောခဲ့သူကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်ချက်ချ ပြောစကားကြောင့်ပဲ တိုင်းပြည်အရေး ရတက်မအေး ဖြစ်နေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာ မိသားစုတွေအကြား စိတ်လက်ချမ်းသာ ဖြစ်သွားကြတာ ဖြစ်ပါတယ်။

တကယ်တော့ သူ့အရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လုပ်ခဲ့ကြတဲ့ အာဏာရှင်ဟောင်းတွေဟာ တိုင်းပြည်မှာ ဘယ်လို လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးကိုမှ ကျင်းပပေးခဲ့တာ မဟုတ်ပါဘူး။ ကျင်းပပေးခဲ့ပြီး ရလာဒ် တစ်စုံတစ်ရာ ထွက်လာရင်လည်း အကြောင်းအမျိုးမျိုးပြပြီး ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်မပြု လုပ်ခဲ့တာမျိုးပဲ ရှိခဲ့ပါတယ်။ တကယ်တော့ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန် နှစ်ခုလုံးကို အမွေပေးသွားတာပါ။ သူ့အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို အမွေရခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နောင် သမ္မတ ဖြစ်ဖို့ သေခြာသလောက် အနေအထားကိုလည်း လက်ခံရလိုက်တာ ဖြစ်ပါတယ်။ စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ အတွက် ပထမ ဦးဆုံး စစ်ဘုရင် ဖြစ်ခွင့်ရလိုက်တာမျိုးပါ။ ဒါပေမယ့်လည်း သူတာဝန်ယူခဲ့ရတဲ့ (၅) နှစ်တာကာလအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ တိုင်းပြည်ကို သူ ဖြစ်စေချင်တဲ့ အခြေအနေဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချမှတ်သွားခဲ့တဲ့ ပုံစံအတိုင်း ဖြစ်ပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့လက်ထက်မှာ နာမည်ဆိုးနဲ့ ဝေဖန်စွတ်စွဲခံနေရတဲ့ တပ်မတော်ကို အဖတ်ဆယ်နိုင်အောင် ပြန် တည်ဆောက်ရပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ ပြည်သူတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အသုံးပြုတာ၊ ကလေး စစ်သား အသုံးပြုတာ၊ ရှေ့တန်းမှာရော နောက်တန်းမှာပါ လူ့အခွင့်အရေး ချိုးဖေါက်တာ စတာတွေကို နိုင်ငံတကာ မိသားစုနဲ့ ပူးပေါင်းပြီး အများကြီး ပြုပြင်ခဲ့တာ တွေ့နိုင်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂလို အနောက်နိုင်ငံတွေကနေ ဖယ်ကျဉ်၊ ပိတ်ဆို့ အရေးယူထားတဲ့ တပ်မတော်ကို နိုင်ငံတကာ အလည်မှာ ပြန်ပြီး ဝင်ဆံ့ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံး စွမ်းဆောင်မှုအဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး သမိုင်းဝင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောတူ စာချုပ် NCA ကို ရအောင် ကြိုးစားခဲ့တာပါပဲ။

အခုလို နိုင်ငံ့ အပြောင်းအလဲကို လက်ခံလာအောင် သူ့ကို လှုပ်နှိုးလိုက်တဲ့ ပြသနာကြီး တစ်ခုကတော့ ကိုးကန့် တိုက်ပွဲတွေပါ။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အရင် စစ်အစိုးရဟာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကို ၂၀၀၉ ခုနှစ်က အပြီး တိုက်ထုတ်လိုက်ပါတယ်။ အခု သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူရတဲ့ ကာလ၊ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ်တစ်ခုရအောင် ကြိုးစားနေဆဲ ကာလ ကျမှ ကိုယ့်ဖာသာကိုယ် တစ်ထီးတစ်နန်းနေတဲ့ ဝ၊ မိုင်းလား နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ဖြစ်လာတဲ့ KIA ကချင်ပြည်လွတ်လပ်ရေး အဖွဲ့တွေက ပူးပေါင်း ပံ့ပိုးပေးမှုနဲ့ ပြန်ပြီး ပေါ်ပေါက်လာတဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ အလစ်အငိုက် ဝင်ရောက် စစ်ဆင် တိုက်ခိုက်တာကို ခံလိုက်ရလို့ပါပဲ။

တပ်မတော်ဘက်က အထိအခိုက်အကျအဆုံး အလွန်များသလို အလွန်အရှက်ရစရာ ကောင်းတဲ့ တိုက်ပွဲတွေအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ကိုးကန့်တပ်ဖွဲ့ဟာ နယ်စပ် အိမ်နီးချင်း တရုတ်နိုင်ငံ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ကူပံ့ပိုးမှုတွေကိုလည်း ရလို့ တစ်ပန်းသာသလို ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း မြန်မာ့တပ်မတော်က ပြန်ပြီး တိုက်ခိုက်တဲ့အခါ လက်နက်အမြှောက်ကျည်ဆံတွေ တစ်ဖက် တရုတ်နိုင်ငံထဲ ကျရောက် ပေါက်ကွဲမှုလေးတွေ ဖြစ်ခဲ့ပြီး တရုတ် အစိုးရနဲ့ အင်အားကြီးမားတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ကြားဝင်မှုကို ခံရပြန်ပါတယ်။ ဒီအခြေအနေအောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အချုပ်အခြာအာဏာပိုင် ပြသနာကို လေးလေးနက်နက် စဉ်းစားမိခဲ့ပုံ ပေါ်ပါတယ်။ ပြောရရင် ဝနယ်၊ မိုင်းလားနယ်တွေဟာ အချုပ်အခြာ အာဏာရယ်လို့ သက်သေပြစရာ မရှိတဲ့ နယ်မြေတွေလိုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကြောင့် တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးရအောင်လည်း မတည်ဆောက်နိုင်၊ နှိမ်လည်း မနှိမ်နင်းနိုင်ဖြစ်ရတာကို သတိပြုမိပုံ ရလာပါတယ်။

တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံရင် အရင် စစ်ဗိုလ်ချုပ်တွေအတိုင်း ဘီလူးဆိုင်းတီး၊ နောက်ကြောင်း ပြန်လှည့်ရပါလိမ့်မယ်။ အဲဒီအခါ နိုင်ငံတကာ မိသားစုကို စွန့်ခွာ၊ တိုးတက်ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေကို ကျောခိုင်း၊ ကိုယ့်ရေမြေသဘာ၀ တောတောင်အားလုံး သိမ်းကျုံးရယူနေတဲ့ တရုတ်ရင်ခွင်ကိုပဲ အရင်ဗိုလ်ချုပ်တွေလို ပြန်ခိုလှုံရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဲဒီ လမ်းကြောင်းကို မရွေးချယ်ခဲ့ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ခေတ်သစ် မြန်မာနိုင်ငံကိုသာ ရွေးချယ်ခဲ့တာကြောင့် သူဟာ ၂၀၁၅ ခုနှစ် အတွက် ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ထိုက်တန်သူ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly