ဘာလိုချီစတန်၌ ပါကစ္စတန်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့က ကမ္ဘာ့မြို့ကြီးများ၌ ဆန္ဒပြပွဲများ ပြုလုပ်

By Zee5
29 October 2021
ဘာလိုချီစတန်၌ ပါကစ္စတန်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့က ကမ္ဘာ့မြို့ကြီးများ၌ ဆန္ဒပြပွဲများ ပြုလုပ်

ဘာလိုချီစတန်ပြည်နယ်တွင် ပါကစ္စတန်အာဏာပိုင်တို့၏ "ရက်စက်ယုတ်မာသည့် လုပ်ရပ်များ" ကို နိုင်ငံတကာက သိရှိစေရေး ရည်ရွယ်ပြီး ဘာလို့ချ် အမျိုးသား‌ရေး လှုပ်ရှားမှုအဖွဲ့ (BNM) က ကမ္ဘာ့အဓိကမြို့ကြီးများတွင် ဆန္ဒပြပွဲများကို စီစဥ်လုပ်ဆောင်ခဲ့သည်။

ဘာလို့ချ် အမျိုးသား‌ရေး လှုပ်ရှားမှုအဖွဲ့ (BNM) ၏ ပြောရေးဆိုခွင့်ရှိသူက မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားရာတွင် အဖွဲ့၏ လက်ရှိလုပ်ဆောင်နေသည့် နိုင်ငံတကာသို့ အသိပေးရေး ကမ်ပိန်းတွင် ဘာလို့ချ် 'လူမျိုးတုန်းသတ်ခံရမှု' နှင့် ဘာလိုချီစတန်၌ ပါကစ္စတန်၏ 'ရက်စက်ယုတ်မာမှုများ' အပေါ် အာရုံစိုက်ထားသည်ဟု ပြောခဲ့သည်။ နိုင်ငံတကာ ကမ်ပိန်း၏ တစိတ်တဒေသအဖြစ် နိုင်ငံတကာတွင် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့၏ မတူညီသော ဇုန်နေရာများ၌ ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်ခဲ့သည်။

ဂျာမနီနိုင်ငံ ဘီလီဖဲလ်မြို့၊ နယ်သာလန်မြို့တော် အမ်စတာဒမ် နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်တို့တွင်လည်း ဆန္ဒထုတ်ဖော်မှုကို လုပ်ဆောင်ခဲ့သည်။

ဆန္ဒပြသူများသည် ပျောက်ကွယ်သွားသည့် ဘာလို့ချ်လူမျိုးစုဝင်များ၏ ဓာတ်ပုံများ၊ ဆိုင်းပုဒ်များ၊ စာတန်းများ ကိုင်ဆောင်ရင်း ဘာလိုချီစတန်၌ ပါကစ္စတန်၏ ရက်စက်မှုများကို ဆန့်ကျင်ကြွေးကြော်ခဲ့ကြသည်။

ဘာလို့ချ် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့၏ ဂျာမနီဇုန်က စီစဥ်သည့် ဆန္ဒပြမှုတစ်ခုတွင် ပါဝင်တက်ရောက်သူများက ဆာနမ် ဂျမယ်လ် အမည်ရှိ မိန်းကလေးငယ်တစ်ဦး အတင်းအကျပ် ပျောက်ကွယ်ခဲ့ရမှုနှင့်ပတ်သက်ပြီး လမ်းသွားလမ်းလာများကို ပြောပြပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။ ဆာနမ် ဂျမယ်လ်သည် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး သူမသည် သူမ၏ ခြောက်နှစ်အရွယ် မောင်ဖြစ်သူ ဂါဇင် ဂျမယ်၊ အခြားမိသားစုဝင်များနှင့်အတူ ဝါရွှတ်ခ်မြို့တွင် ပါကစ္စတန်တပ်ဖွဲ့များ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသူဖြစ်သည်။

ယင်းဖြစ်စဥ်အရ ပါကစ္စတန် ပြည်နယ် ဘာလိုချီစတန်တွင် "ရက်စက်ကြမ်းကြုတ်မှု" များ ဆက်ဖြစ်နေဆဲဆိုသည်ကို မီးမောင်းထိုးပြနေသလို မကြာသေးခင်က ဘာလိုချီစတန် တာဘတ်အရပ်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အသက်မပြည့်သေးသူ မွေးချင်းနှစ်ဦး သေဆုံးခဲ့သည့် ဟိုရှားဘ် ဖြစ်စဥ်နှင့်ပတ်သက်၍လည်း မီးမောင်းထိုး ပြသနေသည်။

BNM ဂျာမနီဇုန် ၏ ဆန္ဒထုတ်ဖော်မှုတွင် ဂျာမနီ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရာဖယ်နှင့် အခြားတက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့ပြီး ဘာလို့ချ်လူမျိုးစုဝင်တို့နှင့် တသားတည်း ရပ်တည်ကြောင်း ထုတ်ဖော်ခဲ့သလို ဘာလိုချီစတန်တွင် ပါကစ္စတန်တပ်ဖွဲ့များ၏ 'ဖိနှိပ်မှု' နှင့် ဘာလို့ချ် 'လူမျိုးတုန်းသတ်မှု' တို့အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။

ဘာလို့ချ် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့၏ ဂျာမနီဇုန်၏ ပူးတွဲအတွင်းရေးမှူးဟောင်း နာဒင်းမ် ဆယ်လင်းမ်က မိန့်ခွန်းပြောရာတွင် ပါကစ္စတန်သည် ဘာလို့ချ် လူမျိုးစုအပေါ် 'လူမျိုးတုန်း သတ်မှု' ကို ကျူးလွန်နေကြောင်း၊ အရပ်ဘက် ဗျူရိုကရေစီပိုင်းက ပါကစ္စတန်စစ်တပ်၏ 'စစ်ရာဇဝတ်မှု' များကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း ပြောခဲ့သည်။ မကြာသေးခင်က ဖြစ်စဥ်များတွင် တာ့ဂျ် ဘီဘီ အမည်ရ အမျိုးသမီးတစ်ဦး အသတ်ခံရသည့် လူသတ်မှုဖြစ်စဥ်တွင် သက်သေအထောက်အထားများကို ပုံပျက်ပန်းပျက်ဖြစ်အောင် ကက်ချ်ခရိုင်၏ ဥပဒေစိုးမိုးရေး အကြီးအကဲက လုပ်ထားခဲ့သည်။ အလားတူ ဟိုရှားဘ်ဖြစ်စဥ်တွင်လည်း ကက်ချ်ခရိုင်၏ ဥပဒေစိုးမိုးရေး အကြီးအကဲသည် ပြည်သူ့စစ်အဖွဲ့များ၏ ပြစ်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်။

ပါကစ္စတန်သည် ဘာလို့ချ်လူမျိုးတို့၏ အသိဥာဏ်ကို ဖိနှိပ်ရန် မဟာဗျူဟာတစ်ရပ်နှင့်အတူ ဖိနှိပ်မှု သမိုင်းသစ်တစ်ခုကို ဖန်တီးနေသည်ဟု ၎င်းက ပြောသည်။ ဟိုရှားဘ်တွင် အသက်မပြည့်သေးသူများ အသတ်ခံနေရရုံသလို "အသက်စွန့်ခဲ့ရသည့် ကလေးများကို မြေမြှုပ်ရန်" အားထုတ်မှုများ အတင်းအကျပ် လုပ်ထားခဲ့သလို မိသားစုများ ဆန္ဒထုတ်ဖော်နိုင်ခြင်း မရှိစေအောင် တားဆီးရန် အခြားနည်းလမ်းများကိုလည်း လုပ်ထားခဲ့သည်။

ဘာလို့ချ် အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့၏ သီးသန့်ယူနစ်အဖွဲ့တစ်ခု၏ အတွင်းရေးမှူး ဂျက်ဘာ ဘာလို့ချ်က ပါကစ္စတန်သည် 'အကြမ်းဖက်နိုင်ငံ' ဖြစ်သည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly