ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေး ယူရန် ညွှန်ကြားသည့် စာတစ်စောင် ပျံ့နှံ့နေ

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို မဲပေးခဲ့သူများကို အရေး ယူရန် ညွှန်ကြားသည့် စာတစ်စောင် ပျံ့နှံ့နေ

အောက်တိုဘာ ၂၇

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက် ပို၍ မဲပေးခဲ့သော မဲဆန္ဒရှင်များကို အမှုဖွင့် အရေးယူရန် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ညွှန်ကြားသည့် စာတစ်စောင် ယနေ့အောက်တိုဘာလ ၂၇ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့နေသည်။

စစ်ကောင်စီ လက်အောက်ခံ UEC က တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အားလုံးသို့ အောက်တိုဘာလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သည့် ညွှန်ကြားစာတွင် တစ်ကြိမ်ထက်ပို ဆန္ဒမဲပေးခဲ့သူများကို သက်ဆိုင်ရာ တရားရုံးများတွင် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (ဃ) ဖြင့် တရားစွဲဆိုရန် ပါရှိသည်။

“နိုင်ငံသား စိစစ်ရေးကတ် အမှတ်တူ၊ အမည်တူနှင့် ကျန်အချက်အလက်များ အားလုံးတူသူ မဲဆန္ဒရှင် တစ်ဦးတည်းမှ မဲရုံမဲနှင့် ကြိုတင်မဲပေးခြင်း သို့မဟုတ် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့် အရေးယူနိုင်ရေး” ဟု ပျံ့နှံ့နေသော ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပျံ့နှံ့နေသော ညွှန်ကြားစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းရှိ ခရိုင်နှစ်ခုက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ UEC ကိုသာ မေးရန် တညီတညွတ်တည်း ပြန်လည် ဖြေကြားခဲ့ကြသည်။

“အဲဒါ ပြည်ထောင်စုကိုပဲ စိစစ်ပြီးတော့ ပြန်မေးမှရမယ်။ ကျွန်တော်တို့ဆီတော့ မရောက်သေးဘူး။ ညွှန်ကြားချက် မရောက်သေးတော့ ကျွန်တော်တို့လည်း ပြောလို့မရဘူး” ဟု ရန်ကုန် အနောက်ပိုင်း ခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ တစ်ကြိမ်ထက် ပိုမဲပေးခဲ့သူများကို ရွေးကောက်ပွဲ ဥပဒေ ၅၉ နှင့်အညီ သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးယူရန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများကို ယခင်က တစ်ကြိမ် ညွှန်ကြားခဲ့ပြီး ဖြစ်သော်လည်း အမှုဖွင့် အရေးယူခြင်း မရှိသည့်အတွက် ထပ်မံညွှန်ကြားရခြင်း ဖြစ်ကြောင်း ထိုပျံ့နှံ့စာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်အထိ ရှိခဲ့သည်ဟုဆိုကာ ရွေးကောက်ပွဲ ရလဒ်အား ဖျက်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ UEC က ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly