NUG ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်များကို ထုတ်ဝေရောင်းချမည်

NUG ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်များကို ထုတ်ဝေရောင်းချမည်

အောက်တိုဘာ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်များအား ဥပဒေနှင့်အညီ ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုး နှင့်ညီမျှသော အတိုးမဲ့စာချုပ်များအဖြစ် ထုတ်ဝေရောင်းချ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စတင်ရောင်းချမည့် နေ့ရက်၊ ဝယ်ယူနိုင်မည့် နည်းလမ်းများနှင့် အသေးစိတ် စည်းမျဉ်း၊ စည်းကမ်းများအား ထပ်မံကြေညာမည် ဖြစ်သည်။

NUG၏ ပြည်ထောင်စု လွှတ်တော်သည် ဇွန်လ ၁၄ ရက်တွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်( ၄ )အား အတည်ပြုပြဌာန်းခဲ့သည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေပါ ဥပဒေပုဒ်မ ၁၆ နှင့်အညီ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချခွင့်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၈) က သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို အစိုးရဘတ်ဂျက် လိုငွေရှိသည့်အခါ လိုငွေ ဖြည့်တင်းရန်အတွက် အများပြည်သူကို ထုတ်ဝေရောင်းချခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အများပြည်သူထံမှ အတိုးပေးပြီး ငွေချေးယူသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် ယခုကဲ့သို့ အထူးငွေတိုက်စာချုပ်များအား တော်လှန်ရေးအစိုးရတစ်ရပ်က အတိုးမဲ့ ထုတ်ဝေရောင်းချခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားသည့် မြန်မာပြည်သူ များက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံတော်လှန်ခဲ့သည့် သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မည်ဟုလည်း ဆိုထားသည်။

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ် ချုပ်ငြိမ်းသွားစေရေးကို ပြင်းပြသော ဆန္ဒနှင့် လိုလားတောင့်တလျက်ရှိသူတိုင်း နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို တော်လှန်ရေး အောင်စိတ်ဖြင့် မဖြစ်မနေ ဝယ်ယူကြရန် NUG က လေးနက်စွာ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly