ဆူဒန်မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်အာခံပြီး လမ်းပေါ်ထွက် ဆန္ဒပြ 

ဆူဒန်မှာ စစ်အာဏာသိမ်းမှုကို ဖီဆန်အာခံပြီး လမ်းပေါ်ထွက် ဆန္ဒပြ 
Photo - AFP

အောက်တိုဘာ ၂၆

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အင်္ဂါနေ့ နံနက်အစောပိုင်းမှာ ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ 

နိုင်ငံတကာကလည်း ဆူဒန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရှုတ်ချပြစ်တင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆူဒန်အာဏာသိမ်းမှုအရေး နောက်ပိုင်း ဆွေးနွေးသွားဖြစ်ဖို့ ရှိပါတယ်။ 

“အတိတ်ကို ခြေဦးပြန်လှည့်တာက ရွေးချယ်စရာ မဟုတ်ဘူး”လို့ လူအုပ်က ကြွေးကြော်ကြပါတယ်။ စစ်သားတွေက အစောပိုင်းမှာ ပစ်ခတ်တာကြောင့် လူ သုံးဦး သေဆုံးတယ်လို့ သိရပေမယ့် လူအုပ်ဟာ အုပ်စုမကွဲသွားဘဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် အက်ဒယ်လာ ဟမ်ဒေါ့နဲ့ သူ့အစိုးရအဖွဲ့အတွင်းက ဝန်ကြီးတွေ၊ အာဏာရပါတီက အရပ်သားအဖွဲ့ဝင်တွေကို စစ်သားတွေက တနင်္လာနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင် အိုမာ အယ်လ် ဘာရှားကို ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ဖြုတ်ချပြီးနောက် အရပ်သား အပြည့်အဝ အုပ်ချုပ်ရေးဆီ ကူးပြောင်းရေး အာဏာရကောင်စီက ဦးစီးဦးဆောင်ပြုနေချိန်ပဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်နဲ့ အဖွဲ့ကို ဖမ်းဆီးပြီးနောက်မှာ အရေးပေါ် အခြေအနေကြေညာပြီး အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တာကြောင့် ဆူဒန်ရဲ့ အသွင်ကူးပြောင်းရေးမှာ အဓိက ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်နဲ့အတူ နိုင်ငံတကာက ချက်ချင်း ပြစ်တင်ပြောဆိုကြပါတယ်။ 

စစ်တပ်ရဲ့ အခု လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြပြီး အကူအညီ ဒေါ်လာသန်းပေါင်းများစွာကိုလည်း ရပ်ဆိုင်းလိုက်ကြပါတယ်။ 

ဝန်ကြီးချုပ် ဟမ်ဒေါ့ကို ချက်ချင်းလွှတ်ပေးဖို့ ကုလသမဂ္ဂ တောင်းဆိုပြီး ဆူဒန်အရေးကို အင်္ဂါနေ့ နှောင်းပိုင်းမှာ လုံခြုံရေးကောင်စီ စည်းဝေးကြမယ်လို့ နယူးယောက်က သံတမန်တွေက အေအက်ဖ်ပီကို ပြောပါတယ်။ 

တနင်္လာနေ့က အရေးပေါ်အခြေအနေ ကြေညာရင်း ဆူဒန် ထိပ်တန်းဗိုလ်ချုပ်ကြီး အက်ဒဲလ် ဖာတက်ရှ် အယ်လ်ဘာဟန်က စစ်တပ်ဟာ “တော်လှန်ရေးလမ်းကြောင်းမှာ ပြုပြင်ပြင်ဆင်ရေးအတွက်” အရေးယူလုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။ 

နိုင်ငံအနှံ့မှာ အင်တာနက်ကိုလည်း ဖြတ်တောက်ထားပြီး မြို့တော် ခါတွန်ဆီ အဝင်လမ်းတွေကိုလည်း ပိတ်ထားပါတယ်။ ဒီနောက်မှာ စစ်သားတွေဟာ မြို့တော်ရှိ နိုင်ငံပိုင်ရုပ်သံဌာနချုပ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

ဗိုလ်ချုပ်ကြီး ဘာဟန်ရဲ့ မိန့်ခွန်းပြောဆိုမှုအပြီးမှာ မြို့တော်မှာ ထိပ်တိုက်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။ 

“အရပ်သား အုပ်ချုပ်ရေးက ပြည်သူတွေရဲ့ ရွေးချယ်မှုပဲ”ဆိုပြီး အလံတွေ ဝှေ့ယမ်းရင်း ဆန္ဒပြသူသူတွေက ကြွေးကြော်ကြသလို မီးလောင်ရာ အတားအဆီးတွေအဖြစ် ကားတာယာတွေကိုလည်း မီးရှို့ကြပါတယ်။ 

စစ်ဌာနချုပ်အပြင်ဖက်က ဆန္ဒပြသူတွေကို ကျည်စစ်နဲ့ စစ်သားတွေက ပစ်ခတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဆူဒန် ဆရာဝန်များ ဗဟိုကော်မတီအရ ဆန္ဒပြသူ သုံးဦး သေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly