မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ကို စတင်ဖွဲ့စည်း

မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ကို စတင်ဖွဲ့စည်း

စိုးသူအောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (Myaung Women Warriors –MWW) ကိုစတင်ဖွဲ့စည်းလိုက်ပြီဟု ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ကြေညာလိုက်သည်။

စစ်ကောင်စီမှ မတရားအာဏာသိမ်းယူခဲ့သည့်နေ့ မှစ၍ အမျိူးသမီးထုသည်လည်း သပိတ်ကြောင်းပေါင်းစုံတွင် ကျား/မ တန်းတူပါဝင်ခဲ့ပြီး ယနေ့တွင် တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့် အမျိုးသမီးများဖြစ်လာရကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

“အမျိုးသမီးထုကလည်း ဒီတော်လှန်ရေးအစဆုံးထိ ပါဝင်နေတယ်ဆိုတာ ဆက်ပြီးပါဝင်နေဦးမယ်ဆိုတာကို ကြေညာလိုက်တာပါပဲ။ အမျိုးသမီးထုနဲ့ လူငယ်တွေအတွက် ကျွန်မတို့အားလုံး ပါဝင်နေကြတယ်ဆိုတာ သိသိသာသာမြင်စေချင်လို့ပါ” ဟု MWW အဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

“ ကျွန်မတို့သည် အမျိုးသမီးများဖြစ်သည်။ မှန်၏။ ပုခက်လွှဲသောလက်များလည်းဖြစ်သည်။ မှန်ပါသည်။ ထို့အပြင် အာဏာရှင်ကို တော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြပါသည်” ဟူ၍လည်း MWW အဖွဲ့မှ ထုတ်ပြန်ရေးသားထားသည်။

MWW ၏ ရည်ရွယ်ချက် လေးချက်မှာ - အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသားများနှင့် နည်းတူ၊ တန်းတူ အာဏာရှင်ကို တော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံတော်သစ် တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကို မြှင့်တင်သွားမည်ဟူ၍ ဖြစ်သည်။

ထို့အပြင် လူသားချင်းစာနာမှုမရှိသည့် လုပ်ရပ်များကိုလုပ်ဆောင်နေသော စစ်ကောင်စီကို အသက်ပေးပြီး ခုခံတော်လှန်သွာမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ် ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေခြင်းကိုလက်မခံနိုင်ကြောင်းလည်း MWW အဖွဲ့မှ ပြောသည်။

ဓာတ်ပုံ- MWW

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required