စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း အဖွဲ့ဝင်နေအိမ်ကို အင်အားအလုံးအရင်းဖြင့် စစ်တပ်ဝင်စီး

စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း အဖွဲ့ဝင်နေအိမ်ကို အင်အားအလုံးအရင်းဖြင့် စစ်တပ်ဝင်စီး
ဓာတ်ပုံ- စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဖေ့စ်ဘွတ်

အောက်တိုဘာ ၂၆

စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း အဖွဲ့ဝင်နှစ်ဦး နေထိုင်ရာ နေအိမ်တစ်လုံးကို ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအလုံး အရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း စမ်းချောင်းသပိတ်စစ်ကြောင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့၊ မြေနီကုန်း ဈေးလမ်းအတွင်းရှိ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တချို့နေရာထိုင်ရာ ထိုနေအိမ်ကို အနည်းဆုံးစစ်ကား ၁၇ စီးနှင့်အတူ အင်အား ၁၀၀ ခန့်ပါဝင်သည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများက မြေနီကုန်းအတွင်း ပိတ်ဆို့ကာ လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကိုခံရသော်လည်း သပိတ်စစ်ကြောင်း အဖွဲ့ဝင်နှစ်ဦးသည် ကြိုတင် တိမ်းရှောင်နိုင်လိုက်သည့်အတွက် ဖမ်းဆီးမခံခဲ့ရကြောင်း သိရသည်။

“မြေနီကုန်းကို စစ်ကား ၁၇ စီး အင်အား၁၀၀လောက်နဲ့ အင်အားဖြန့်ပြီး ပိတ်ဖမ်းတာပါ။ အခုအချိန်မှာတော့ အခြေအနေ တည်ငြိမ်သွားပါပြီ။ ကျွန်တော်တို့ ရဲဘော်ကိုတော့ လိပ်စာ အိမ်အတိအကျနဲ့ လာဖမ်းတာပါ။ သူတို့ကိုတော့ အခြားမြို့ပြောင်းပြီးလို့ လုံခြုံပါပြီ” ဟု စမ်းချောင်း သပိတ်တာဝန်ရှိသူက ပြောသည်။

သို့သော်လည်း ထိုနေအိမ်တွင်ရှိသော ပရိဘောဂပစ္စည်းတချို့နှင့် သပိတ်ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ မြေပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ သပိတ်ပွဲတွေ ရှေ့တန်းက လုံးဝလက်မလျော့ဘဲ အာဏာရှင်ကို တော်လှန်မှာပါ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးမှုများရှိနေသော်လည်း မြို့ကြီးအများအပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required