အာဆီယံထိပ်သီးအစည်းအဝေး အမေရိကန် သမ္မတဂျိုးဘိုင်ဒင် နှင့် တရုတ်၊ ရုရှခေါင်းဆောင်များ တက်ရောက်မည်

အာဆီယံထိပ်သီးအစည်းအဝေး အမေရိကန် သမ္မတဂျိုးဘိုင်ဒင် နှင့် တရုတ်၊ ရုရှခေါင်းဆောင်များ တက်ရောက်မည်
Photo - AFP

အောက်တိုဘာ ၂၆

မြန်မာနိုင်ငံ၏ အကျပ်အတည်းပြဿနာများကို အဓိက ဆွေးနွေးမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တရုတ် နှင့် ရုရှက ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၂၆ရက်တွင် စတင်ကျင်းပမည့် ထိုထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်များကို ချန်လှပ်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ကိုယ်စားပြုတက်ရောက်သူ မရှိပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ တရုတ် နှင့် ရုရှခေါင်းဆောင်များက ယခု သီတင်းပတ်နှောင်းပိုင်းတွင် တက်ရောက်မည်ဖြစ်သည်။

သုံးရက်ကြာကျင်းပမည့် အာဆီယံအစည်းအဝေးတွင် ဒေသတွင်းခေါင်းဆောင်များက စစ်အာဏာသိမ်းမှုကြောင့် ဝရုန်းသုန်းကားအခြေအနေကို ဆိုက်နေပြီး သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်နေသည့် မြန်မာနိုင်ငံအရေးကို ဦးစားပေးဆွေးနွေးရန်ရှိနေသည်။

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာက ဖိအားများ တိုးပေးနေချိန်တွင် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် အာဆီယံဟာ လမ်းပြမြေပုံတစ်ရပ် ရေးဆွဲခဲ့ပြီး ဘုံသဘောတူညီချက် ၅ရပ်ကို ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်များကို စစ်အုပ်စုက ယခုအချိန်ထိ ဆောင်ရွက်ခြင်းမရှိသေးသလို လိုက်နာပါ့မလားဆိုသည့်အပေါ်လည်း သံသယဖြစ်ဖွယ်ရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်နှင့် အာဆီယံအထူးသံတမန်ကို တွေ့ဆုံခွင့် ငြင်းပယ်ခဲ့ခြင်းကြောင့် ယခု အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ချန်လှပ်ထားရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအပြင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆယ်စုနှစ်များစွာ ထောင်ချနိုင်သော စွဲချက်အများအပြားဖြင့် စစ်အာဏာသိမ်းအစိုးရ တရားစွဲထားသည်။

မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးမှ ဖယ်ချန်လိုက်ခြင်းသည် မကြာခဏ ဝေဖန်မှုခံရသည့် အာဆီယံအတွက်တော့ မကြုံစဖူး ဆုံးဖြတ်ချက်ပဲ ဖြစ်သည်။ ယခုဆုံးဖြတ်ချက်အပေါ် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ရန်မူကို ချိုးဖောက်ရာရောက်ကြောင်းစစ်ကောင်စီက ပြစ်တင်ပြောဆိုထားသည်။

အာဆီယံဟာ မြန်မာကိုယ်စားပြု အကြီးအကဲနေရာတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို ကိုယ်စား ဖိတ်ကြားခဲ့သည်။ သို့သော် စစ်ကောင်စီကမူ နိုင်ငံ့အကြီးအကဲ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့်  ပုဂ္ဂိုလ်က တက်ရောက်ခွင့်ရမှ လက်ခံမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယနေ့ ပြုလုပ်နေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာကိုယ်စားပြု မပါခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required