ဆူဒန်မှာ အာဏာသိမ်းမှုသတင်းတွေ ထွက်နေပြီး ဝန်ကြီးချုပ်နဲ့ အရပ်သားခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရ

ဆူဒန်မှာ အာဏာသိမ်းမှုသတင်းတွေ ထွက်နေပြီး ဝန်ကြီးချုပ်နဲ့ အရပ်သားခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရ
Photo - AFP

အောက်တိုဘာ ၂၅

ဆူဒန်နိုင်ငံမှာ အာဏာရကောင်စီရဲ့ အရပ်သားအဖွဲ့ဝင်တွေနဲ့ ကြားဖြတ်အစိုးရအဖွဲ့ ဝန်ကြီးတွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်ဘက်ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာ ဟမ်းဒေါ့ခ်လည်း ပါဝင်ပြီး ၎င်းဟာ အာဏာသိမ်းမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်တပ်က ၎င်းကိုပါ ဖမ်းဆီးပြီး နေရာတစ်နေရာကို ခေါ်ဆောင်သွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ခုလို ဖမ်းဆီးမှုတွေကို "အာဏာသိမ်းမှု" တစ်ခု အဖြစ် တက်ကြွလှုပ်ရှားသူတွေက ပြစ်တင်ရှုတ်ချထားခဲ့ပါတယ်။

ယင်းနိုင်ငံမှာ အာဏာရှင်ဆန်တဲ့ သမ္မတဟောင်း အိုမာ အယ်လ် ဘာရှားကို ဖြုတ်ချပြီးနောက် ၂၀၁၉ သြဂုတ်လနောက်ပိုင်း အာဏာခွဲဝေယူထားခဲ့တဲ့ အရပ်ဘက်နဲ့ စစ်ဘက်မှ အထင်ကရပုဂ္ဂိုလ်တွေအကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပြီးနောက် ယခုလို ဖမ်းဆီးထိန်းသိမ်းမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ယင်းနိုင်ငံတဝန်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး မြို့တော် ခါတွမ်နဲ့အကြား ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးတွေ၊ တံတားတွေကိုလည်း ပိတ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြို့တော်မှာလည်း ခုလို ဖမ်းဆီးမှုတွေကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် ဆန္ဒပြသူ ဒါဇင်နဲ့ချီဟာ လမ်းတွေပေါ်မှာ စုဝေးပြီး ကားတာယာတွေ မီးရှို့တာတွေ လုပ်နေခဲ့တယ်လို့ အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောပါတယ်။

"အုပ်ချုပ်ရေးကောင်စီရဲ့ အရပ်သားအဖွဲ့ဝင်တွေနဲ့ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးတွေကို စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းသိမ်းခဲ့တာပါ" လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

"သူတို့ကို အမည်မဖော်နိုင်တဲ့ နေရာတစ်ခုကို ခေါ်ထားပါတယ်" ဟု ယင်းကထုတ်ပြန်ပါတယ်။

နိုင်ငံပိုင် ရုပ်သံမှာလည်း မျိုးချစ်စိတ် ဖော်ကျူးတဲ့ သီချင်းတွေကို စတင်ထုတ်လွှင့်နေခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က အာဏာရှင်သမ္မတဟောင်း ဘာရှားကို ဆန့်ကျင်ဆန္ဒပြမှုတွေကို အဓိက ဦးဆောင်ခဲ့တဲ့ အလုပ်သမား အစည်းအရုံးများ စုပေါင်းအဖွဲ့တစ်ခုဖြစ်တဲ့ ဆူဒန် ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်များ အစည်းအရုံးက ယင်းကို "စစ်အာဏာသိမ်းမှု" အဖြစ် ရှုတ်ချခဲ့ပြီး ယင်းအပေါ် "အပြင်းအထန် ဆန့်ကျင်ဖို့" ဆန္ဒပြသူတွေကို တိုက်တွန်းထားပါတယ်။

ခုလိုမျိုး ဆူဒန်မှာ စစ်တပ်က အာဏာသိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ "အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း" အမေရိကန်က ထုတ်ဖော်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly