ထိုင်ဝမ်နှင့်ဆက်ဆံရေးဆိုင်ရာ ဥရောပသမဂ္ဂအစီရင်ခံစာကို တရုတ်ကန့်ကွက်

By Zee5
25 October 2021
ထိုင်ဝမ်နှင့်ဆက်ဆံရေးဆိုင်ရာ ဥရောပသမဂ္ဂအစီရင်ခံစာကို တရုတ်ကန့်ကွက်

ဥရောပပါလီမန်ကသဘောတူလက်ခံလိုက်သည့် ဥရောပသမဂ္ဂ (အီးယူ) နှင့်ထိုင်ဝမ်အကြားနိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအစီရင်ခံစာကို အောက်တိုဘာ၂၁ရက်တွင် တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချ ကန့်ကွက်လိုက်သည်။

သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက တရုတ်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်ငြိမ်မှုကိုထိခိုက်စေမည့် “စကားလုံးနှင့်လုပ်ရပ်များ” ကိုချက်ချင်းရပ်ရန် ဥရောပပါလီမန်အားတိုက်တွန်းခဲ့သည်။

အောက်တိုဘာ၂၁ရက်က ကျင်းပသောဥရောပပါလီမန်၏ မျက်နှာစုံညီအစည်းအဝေးက အီးယူ-ထိုင်ဝမ် နိုင်ငံရေးဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းမှုအစီရင်ခံစာကို အတည်ပြုလိုက်ပြီးနောက် အဆိုပါ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အီးယူ၏အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်ပိုင်နက်၏ ငြင်းပယ်မရသောအစိတ်အပိုင်းဖြစ်ကြောင်းပြောသည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာ သဘောတူညီချက်တစ်ခုဖြစ်ပြီး အီးယူနှင့်တရုတ်သံတမန်ဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ်ဖြစ်သည်ဟုဆိုသည်။

“ဥရောပပါလီမန်အနေနဲ့ တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်ငြိမ်မှုကို ထိခိုက်စေတဲ့ စကားလုံးနဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ပြီး ရန်စတာတွေ၊ ထိပ်တိုက်တွေ့တာတွေကို ရပ်တန်းကရပ်သင့်ပါတယ်။ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်ငြိမ်မှုကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တရုတ်လူမျိုးတွေရဲ့ ပြင်းထန်တဲ့သန္နိဋ္ဌာန်တွေ၊ဆုံးဖြတ်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကို လျှော့မတွက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေကို တိုက်တွန်းပါတယ်” ဟုဝမ်ဝေဘင်းကကပြောသည်။

ဥရောပသမဂ္ဂက ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်ရန် ၎င်းတို့၏ သဘောထားကို အောက်တိုဘာ၁၉ရက်တွင် ထုတ်ဖော်ခဲ့ပြီး တရုတ်၏ ရဲတင်းလွန်းမှုနှင့် ထိုင်ဝမ်နှင့်စိတ်သဘောထားတူသောမိတ်ဖက်များအား နှောင့်ယှက်ရန်ကြိုးပမ်းမှုများကို ရင်ဆိုင်ဖြေရှင်းသွားမည်ဟုပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly