ဒီဇင်ဘာ ၂၄၊ လန်ဒန် ။ ။ မန်ယူနည်းပြဗန်ဟားလ်၏ရာထူးနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် ကောလာဟလများမှာ လေးစားမှုကင်းမဲ့ခြင်းသာဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝေဖန်လိုက်သည်။
နယ်သာလန်လူမျိုးနည်းပြဗန်ဟားလ်၏ အိုးထရက်ဖို့ဒ်အနာဂါတ်မှာ မန်ယူအသင်းခြောက်ပွဲဆက်နိုင်ပွဲပျောက်နေပြီးနောက် မရေရာမှုများနှင့် ကြုံတွေ့နေရသည်။
ပြီးခဲ့သည့်တစ်ပတ်တွင် ချယ်လ်ဆီးအသင်းမှထုတ်ပယ်ခံခဲ့ရသည့် နည်းပြမော်ရင်ဟိုသည်လည်း မန်ယူအသင်းနှင့် သတင်းများထွက်ပေါ် နေသည်။
"ဘယ်သူ့ကိုမှ အလုပ်အကိုင်မဆုံးရှုံးစေချင်ပါဘူး။ ကျွန်တော့်ပုဂ္ဂိုလ်ရေးခံစားချက်ကတော့ အဲဒါမျိုးတွေတွေ့ရတိုင်း စိတ်မကောင်းဖြစ်ရပါ တယ်"ဟု ဝင်းဂါးက ပြောသည်။
ဗန်ဟားလ်သည် ဗုဒ္ဓဟူးနေ့ကပြုလုပ်သော ဘောက်ဆင်ဒေးနေ့ပရီမီးယားလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မေးခွန်းသုံးခုသာပြန်ဖြေပြီး သတင်းစာရှင်းလင်းပွဲကို ၅ မိနစ်သာပြုလုပ်ကာ ထွက်ခွာခဲ့သည်။
အသက် ၆၄ နှစ်အရွယ်ရှိ ဗန်ဟားလ်သည် ပြီးခဲ့သည့်တစ်ပတ်က နော့ဝှစ်ချ်ကို ၂-၁ ဂိုးဖြင့်ရှုံးပြီးနောက် ရာထူးအတွက် စိုးရိမ်နေပြီဖြစ်သည်ဟု ပြောကြားထားသည်။
ကောလာဟလများနှင့်ပတ်သက်ပြီး ဝင်းဂါးက "ကောလာဟလကမ္ဘာထဲကို ကျွန်တော်မဝင်လိုပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဗန်ဟားလ်ကို ကျွန်တော် အင်မတန်လေးစားပြီး အခုဖြစ်နေတာတွေကလည်း လေးစားမှုကင်းမဲ့တယ်လို့ မြင်ပါတယ်။
အဲဒီလူဟာ ဘောလုံးလောကမှကျင်လည်နေတာ နှစ် ၃၀ ရှိပြီဖြစ်ပြီး အလုပ်မှာမယုံနိုင်စရာအရည်အချင်းတွေပိုင်ဆိုင်ထားသူလည်းဖြစ်ပါ တယ်။
မော်ရင်ဟိုထွက်ခဲ့ရတုန်းကလည်း ပုံကြီးချဲ့တာတွေရှိခဲ့တယ်လို့ ထင်တယ်။ ကျန်တာတော့ ဘာမှထပ်မပြောချင်တော့ပါဘူး"ဟုပြောသည်။
Ref; BBC