နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကြည်ဝင်းအား အမှုအခြေအနေများ ပြောဆိုခွင့် ပိတ်ပင်

နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကြည်ဝင်းအား အမှုအခြေအနေများ ပြောဆိုခွင့် ပိတ်ပင်

အောက်တိုဘာ ၂၃

နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်၍ အမှုအခြေအနေများ ပြောဆိုခွင့် ပိတ်လိုက်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

အမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မဖြေကြားရန် ယနေ့ အောက်တိုဘာ ၂၃ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်၍ ပြောဆိုခွင့်များ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ယင်းအတွက် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုးနှင့် ဒေါ်စန်းမာလာညွန့် တို့ကိုလည်း နိုင်ငံ့ခေါင်းဆောင်များ၏ အမှုအခြေအနေများအား သတင်း မီဒီယာများနှင့် နိုင်ငံခြား သံတမန်များသို့ မဖြေကြားရန် ပြောဆိုခွင့် ပိတ်ပင်ခဲ့ပြီး ယနေ့တွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို ထပ်မံ ပိတ်ပင်ခြင်းဖြစ်သည်။

တရားလွှတ်‌တော်ရှေ့နေ ဦးသဲမောင်မောင် နှင့် ရှေ့နေ ဒေါ်မင်းမင်းစိုးတို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်တွင် ပုဒ်မ-၁၄၄ ထုတ်ကာ ပိတ်ပင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးတို့ကို ပုဒ်မ - ၁၄၄ ဖြင့် ပိတ်ပင်ကြောင်း ရှေနေ့ အသိုင်းအဝိုင်းထံမှ သိရှိရပြီး ပိတ်ပင်သည့်စာတွင် မည်သည့် အကြောင်းအရာများ ပါရှိသည်ကို အသေးစိတ် မသိရှိရသေးပါ။

ထို့အပြင် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁၄ ရက်၊ ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ကာ စာထုတ် တားမြစ်ခဲ့သည်။

စစ်ကောင်စီက တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကို ပိတ်ပင်သည့် စာတွင် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများ၊ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့ (INGO) များနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုလုပ်ရန် ပါရှိသည်။

ပထမဆုံး စတင်ပိတ်ပင်ခံရသူမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့် ဖြစ်ပြီး နိုင်ငံခြား သံတမန်အပါအဝင် သတင်း မီဒီယာများနှင့် INGO အဖွဲ့အစည်းများသို့ ဆက်သွယ်ခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက ဩဂုတ်လ ပထမပတ်တွင် ခံဝန်ကတိ ရေးထိုးခိုင်းခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ ခုနှစ်ဦး ရှိသည့်အနက် ရှေ့နေငါးဦးအထိ ပြောဆို ဖြေကြားခွင့် ပိတ်ပင် ခံထားရပြီ ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly