ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံး ၁၀ နေရာထက်မနည်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဖောက်ခွဲ

ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံး ၁၀ နေရာထက်မနည်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဖောက်ခွဲ

အောက်တိုဘာ ၂၃

ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံး ၁၀ နေရာထက်မနည်းကို ၎င်းတို့အဖွဲ့ ပါဝင်သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဖောက်ခွဲခဲ့ကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် ညပိုင်းတွင် Yangon Revolution Force - YRF က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်ရုံးများသည် စစ်ကောင်စီ၏ အလိုကျ လျှပ်စစ်မီတာခများအား အတင်းအဓမ္မ အကြမ်းဖက် နည်းလမ်းများဖြင့် ဖိအားပေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်း အစရှိသည်များကို လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YRF အနေဖြင့် ယမန်နေ့က မရမ်းကုန်းမြို့နယ်ရှိ၊ ၈ မိုင် လျှပ်စစ်ရုံးအား ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့ဖြစ်သော Yangon Revolution Young Force - YRYF နှင့်အတူ တိုက်ခိုက် ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

လျှပ်စစ်ဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု၏ ဆန္ဒအားဆန့်ကျင်ကာ စစ်ကောင်စီ၏ အကြမ်းဖက်လမ်းစဉ်များ အတိုင်း ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မြို့ပြတော်လှန်ရေး အင်အားစုများအနေဖြင့် ယခုထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း YRF က သတိပေးပြောကြားထားသည်။

ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီထံသို့ အခွန်ငွေများ ပေးဆောင်ခြင်းမပြုကြရန်နှင့် စစ်ကောင်စီ၏ ဝင်ငွေရနိုင်သော ရုံးအဆောက်အဦများ၊ အုပ်ချုပ်ရေးရုံးများ၊ တပ်စွဲထားသည့်နေရာများ၊ စစ်ကောင်စီယာဉ်တန်းများအား ရှောင်ကြဉ်သွားလာကြရန်လည်း ၎င်းအဖွဲ့က အထူးသတိပေး တိုက်တွန်းထားသည်။

ဒဂုံမြို့သစ် တောင်ပိုင်း၊ ကမာရွတ်၊ ပြည်လမ်း၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ရန်ကင်း၊ အလုံ၊ အင်းစိန်၊ မြောက်ဒဂုံ အပါအဝင် မြို့နယ် ၁၂ခုက လျှပ်စစ်မီတာရုံး ၁၂ ခုတွင် ယမန်နေ့က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly