တတိယနိုင်ငံတစ်ခုတွင် ခိုလှုံခွင့်ရရန် ကြိုးစားနေသည့် ဒုက္ခသည်များအား တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လက်ခံခြင်းအဖြစ် မြန်မာနိုင်ငံမှ ကရင်ဒုက္ခသည် ၂၂ ဦးကို နိုင်ငံတွင်း ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
မိသားစု လေးစုပါ လက်ခံလိုက်သည့် ဒုက္ခသည်အုပ်စုတွင် အရွယ်ရောက်ပြီးသူက ၁၁ ဦးနှင့် ကလေးသူငယ်က ၁၁ ဦး ပါဝင်ကြောင်း၊ ၎င်းတို့က မြန်မာနိုင်ငံမှ ထွက်ပြေး၍ ထိုင်းနိုင်ငံ မယ်လဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ရသူများဖြစ်ကြောင်း အစိုးရက ပြောသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ၎င်းတို့အုပ်စုက အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ကိုရီးယားနိုင်ငံမှာ ပညာရေး သိပ်ကောင်းတယ်လို့ ကြားပါတယ်။”ဟု ယင်းအုပ်စုမှ တစ်ဦးဖြစ်သည့် အသက် ၄၃ နှစ်အရွယ်ရှိ ကူတူက ပြောသည်။ “ကျွန်တော် ဘာမှ မမျှော်လင့်ပါဘူး။ ကလေးတွေကိုတော့ ဆရာကောင်းကောင်းနဲ့ ပညာတော့ သင်ပေးချင်တယ်။”ဟု သစ်ပင်ခုတ်ရာမှ မတော်တဆဖြစ်ပြီး ညာခြေထောက်ဖြတ်ထားရသူ ကူတူက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် ၁၉၉၃ ခုနှစ်အတွင်းက ကူတူက ထွက်ပြေးလာခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ဇနီးနှင့်အတူ ထိုင်းနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရေး ကြိုးစားနေသူဖြစ်ပြီး လက်ရှိတွင် ကလေးငါးဦးနှင့် ဆွေးမျိုးတစ်ဦးတို့နှင့် အတူ နေထိုင်နေခြင်းဖြစ်သည်။ အဆိုပါ ထိုင်းနိုင်ငံက မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိနေထိုင်လျက်ရှိနေသူ ဒုက္ခသည်ပေါင်း ၄၀၀၀၀ ဝန်းကျင်း ရှိနေပြီး ၉၃ ရာခိုင်နှုန်းက ကရင်များဖြစ်ကြောင်း သိရသည်။
ပြန်လည်နေရာချထားရေးကို ကြီးကြပ်ရသည့် တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနက စခန်းများ၌ လျှပ်စစ်မီး၊ ရေအိမ်နှင့် ရေတို့အတွက် အကန့်အသတ်ရှိကြောင်း ပြောထားသည်။
ယခု ကူတူတို့ လူစုအား တောင်ကိုရီးယားလက်ခံခြင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ တတိယနိုင်ငံသို့ ဝင်ရောက်မည့် ဒုက္ခသည်များအား ကူညီပေးနေသည့် ရုံးလက်အောက်ရှိ ပြန်လည်နေရာချထားရေး အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံက ပထမဆုံးအဖြစ် လက်ခံလိုက်ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာ အက်ဥပဒေကို ၂၀၁၃ ခုနှစ်က စတင်ဥပဒေတည်စေခဲ့သည့် ပထမဆုံး အာရှနိုင်ငံဖြစ်သည်။ ဥပဒေအရ အစိုးရအနေဖြင့် ကုလသမဂ္ဂ ဦးဆောင်သည့် အစီအစဉ်များမှတစ်ဆင့် ဒုက္ခသည်များကို လက်ခံသွားမည်ဖြစ်သည်။
လာမည့်သုံးနှစ်အတွင်း စမ်းသပ်အစီအစဉ်လုပ်ဆောင်မှုအနေဖြင့် နှစ်စဉ် ဒုက္ခသည် ၃၀ အား လက်ခံပေးသွားမည်ဖြစ်ကြောင်း တရားရေးဌာနက ဧပြီလအတွင်း ပြောကြားထားခဲ့ခြင်းဖြစ်သည်။