တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံရည်မှန်းချက်တွင် အောက်ခြေ အလုပ်သမားများအတွက် မပါဝင်

By Yahoo Finance
21 October 2021
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံရည်မှန်းချက်တွင် အောက်ခြေ အလုပ်သမားများအတွက် မပါဝင်

တရုတ်လူမျိုးအားလုံး ကြွယ်ဝချမ်းသာရေးအတွက် ‘ဘုံသာယာဝပြောရေး’ အစီအစဉ်သည် အနည်းငယ်သော အလွန်ကြွယ်ဝချမ်းသာသူများအတွက်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်က သြဂုတ်လအတွင်း ကျင်းပခဲ့သည့် သီးသန့်ကွန်မြူနစ်ပါတီအစည်းအဝေးတစ်ခုတွင် ပထမဦးအကြိမ် ပြောကြားခဲ့သည်။

တရုတ်လေ့လာသုံးသပ်သူများက ရှီ၏ ပြတ်သားမှုမရှိသော အဆိုအပေါ် အဓိပွါယ်အမျိုးမျိုး ဖွင့်နေကြသလို တရုတ်နည်းပညာကုမ္ပဏီကြီးများက ၎င်းတို့ အဆိုပါအစီအစဉ်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ပရဟိတလုပ်ငန်းများအတွက် ဒေါ်လာဘီလီယံ ပေါင်းများလှူဒါန်းရန် ကတိပြုထားကြသည်။

ကွန်မြူနစ်ပါတီ၏ အဓိကဂျာနယ်တစ်စောင်ဖြစ်သည့် Qiushiတွင် အောက်တိုဘာ ၁၅ ရက်က ပါဝင်ခဲ့သည့် သဘောထားအမြင် ဆောင်းပါးတစ်ပုဒ်၌ ရှီ၏ မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြခဲ့ပြီး သူ၏ လှုပ်ရှားမှုကို ပိုမို အသေးစိတ် ရှင်းလင်းခဲ့ရာတွင် ကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးရန် ဥပဒေပြုခြင်းနှင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီး အလုပ်ကြိုးစားပါက ကြိုးစားသလောက် အကျိုးကျေးဇူးများမည့် ပတ်ဝန်းကျင်ကို ဖန်တီး ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ကျန်းမာရေးအာမခံနှင့် ပင်စင်အစီအစဉ်များအပါအဝင် နိုင်ငံသားများအား အခြေခံ လူမှုဖူလုံရေးကို ပေးထားသည်။

သို့သော်အချို့သောလေ့လာသုံးသပ်သူများက ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် များစွာသော အစီအစဉ် များကို အပြည့်အဝအကောင်အထည် မဖော်နိုင်သောကြောင့် တိုင်းပြည်၏ လူမှုလုံခြုံရေး ကွန်ရက်ကိုမြှင့်တင်ပြီး စားသုံးမှုနှင့် တိုးတက်မှုအတွက် တွန်းအားပေးရမည်ဟု အကြံပြုထားသည်။

“ ဘုံသာယာဝပြောရေး” ၏ အဓိကအချက်သည် တရုတ်တွင် အလွန်အမင်း ဆင်းရဲချမ်းသာ ကွာဟချက်ကို ပေါင်းကူးရန်လိုအပ်ပြီး ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအတွက် အရေးကြီးသော အကြောင်းပြချက် အဖြစ် နိုင်ငံ၏ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအတွက် လုံလောက် ကောင်းမွန်ပြီး လုံခြုံသော ဘဝကို ကတိပြုရန်ဖြစ်သည်။

သူ၏မိန့်ခွန်းတွင် ရှီက အကြမ်းဖျဉ်းအချိန်ဇယားတစ်ခုပေးပြီး သူ၏ ရည်မှန်းချက်များအောင်မြင်ရန် အစိုးရက လုပ်ဆောင်ရမည်များကို ဖော်ပြခဲ့သည်။

“ ဒါက အရမ်းလေးနက်တဲ့ သင်ခန်းစာပါဘဲ။ တရုတ်က တည်ငြိမ် အေးချမ်းပြီး သဟဇာဖြစ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်ဖို့အတွက် ဘုံသာယာဝပြောရေးကို ခိုင်ခိုင်မာမာမြှင့်တင်ပြီး တရုတ်အစွန်းနှစ်ဘက်ကို ရှောင်ရပါမယ်။ ”

“ လက်ရှိမှာ ဝင်ငွေမညီမျှမှုက တစ်ကမ္ဘာလုံးမှာ ထင်ရှားတဲ့ပြသနာတစ်ခုဖြစ်နေပါတယ်၊ တချို့နိုင်ငံတွေမှာ ဆင်းရဲချမ်းသာကွာဟချက် အလွန်ကြီးပါတယ်။ လူလတ်တန်းစားပြိုကျသွားတော့ လူမှုရေးကွဲပြားချက်တွေဖြစ် ပေါ်စေလို့ အစွန်းရောက်နိုင်ငံရေးတွေ အများကြိုက်ဝါဒဘက်ကို ဦးတည်နေတာကို တွေ့နေရပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly