ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၇ ဦးကို ၂၀၂၀ ဆန္ဒပြမှုအတွက် ထောင်ဒဏ် ၁ နှစ်အထိချမှတ်

By Zee5
21 October 2021
ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၇ ဦးကို ၂၀၂၀ ဆန္ဒပြမှုအတွက် ထောင်ဒဏ် ၁ နှစ်အထိချမှတ်

ဟောင်ကောင်ခရိုင်တရားရုံးသည် ယမန်နှစ်က တရုတ်အမျိုးသားလုံခြုံရေးဥပဒေအသစ်အား ဆန့်ကျင်ဆန္ဒပြမှုများတွင်ပါဝင်ခဲ့သော တက်ကြွလှုပ်ရှားသူ ၇ ဦးအားအောက်တိုဘာ ၁၆ ရက်က ထောင်ဒဏ် ၁၂ လအထိ ချမှတ်လိုက်သည်။

ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော အရပ်ဘက်လူ့အခွင့်အရေးတပ်ဦးမှ စည်းရုံးရေးမှူး ဖီဂိုချန်ဟိုဝန်ကို စီရင်ချက်ချသူ ၇ ဦးအနက် အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လချမှတ်ခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြသည်။

လွှတ်တော်အမတ်ဟောင်း ဝူချီဝေနှင့် ခရိုင်ကောင်စီဝင်ဟောင်း ဆန်ကင်ရှင်းတို့ကိုလည်း၎င်းတို့၏ အလွှာအဆင့်အတန်းအရ ထောင်ဒဏ် ၁၀ လစီအသီးသီးချမှတ်လိုက်ပြီး ကျန်လူများကိုထောင်ဒဏ် ၆ လမှ ၈ လအထိ ချမှတ်ခဲ့သည်။

တရုတ်အစိုးရသည် ပြင်းထန်လွန်းသော အမျိုးသားလုံခြုံရေးဥပဒေအပါအဝင် အမျိုးမျိုးသောဥပဒေများဖြင့် ဟောင်ကောင်အပေါ် ထိန်းချုပ်မှုအားကောင်းလာသည်နှင့်အမျှ တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော်ဟောင်ကောင်မှ ပြည်သူများသည် ထပ်တိုးလာသော ထိန်းသိမ်းကြပ်မတ်မှုနှင့် နှိမ်နင်းမှုများကို ရင်ဆိုင်နေရသည်။

ဟောင်ကောင်ကို အုံကြွစေခဲ့သော ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်သောဆန္ဒပြမှုများ ကျယ်ပြန့်လာမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ပြီးခဲ့သည့်နှစ် ဇွန်လ ၃၀ ရက်က အမျိုးသားလုံခြုံရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။

အရပ်ဖက်အဖွဲ့များသည် ဒီမိုကရေစီအခွင့်အရေးအပါအဝင် ကိစ္စပေါင်းများစွာကို ရပ်တည်ကာကွယ်ရန် နှစ်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသော်လည်း ဥပဒေသစ်ထုတ်ပြီး နောက်ရက် ဇူလိုင် ၁ ရက်တွင် ပထမဆုံးအဖြစ် တစ်နေကုန် ဆန္ဒပြခဲ့သည်။

ခွဲထွက်ခြင်း (တရုတ်မှခွဲထွက်ခြင်း)၊ အဖျက်အမှောင့်လုပ်ခြင်း (ဗဟိုအစိုးရ၏ အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်ကို ထိပါးခြင်း )၊ အကြမ်းဖက်မှုနှင့်ပြည်ပအင်အားစုများနှင့်ပူးပေါင်းခြင်း စသည့် မည်သည့်လုပ်ရပ် အတွက်မဆို ထောင်ဒဏ် ၁ သက်အထိ ချမှတ်နိုင်သည့် ပြစ်မှုဥပဒေအဖြစ် ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required