ခရမ်းကို နယ်လုံဝန်ကြီး လာသွားပြီးနောက် အုပ်ကြီးအချို့ တိတ်တဆိတ် တာဝန်ပြန်ထမ်းဆောင်

ခရမ်းကို နယ်လုံဝန်ကြီး လာသွားပြီးနောက် အုပ်ကြီးအချို့ တိတ်တဆိတ် တာဝန်ပြန်ထမ်းဆောင်

အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအစုလိုက်အပြုံလိုက် နှုတ်ထွက်မှုဖြစ်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီ၏ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ရောက်ရှိလာကာ အုပ်ချုပ်ရေးမှူးများကို တာဝန်ပြန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့အပြီး ပြန်လုပ်နေကြသူများရှိလာကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်က မဇ္ဈိမကို ပြောသည်။

"အုပ်ကြီးတွေကို ခေါ်ပြီး အစည်းဝေးလုပ်သွားတယ်။ အုပ်ကြီးတွေရဲ့ အသက်အာမခံတယ်၊ လုံခြုံရေးအာမခံတယ်ပေါ့နော်။ အုပ်ကြီးပြန်လုပ်ပေးပါပေါ့။ အဲ့လိုတွေပြောသွားတယ်၊ မြို့ပေါ် (၇) ရက်ကွက်က အုပ်ကြီးရယ် (၁၂) ရပ်ကွက်က ရာအိမ်မှုးရယ်က အခုလုပ်ပေးနေတာ ရွာတွေဘက်ကတော့ လုပ်တော့ လုပ်ပေးနေကြတယ်။" ဟု ခရမ်း PDF က ပြောသည်။

နုတ်ထွက်သွားပြီးဖြစ်သည့် အုပ်ချုပ်ရေးမှူး အများစုမှာ အောက်တိုဘာ ၁၈ရက်တွင် တာဝန်ပြန်လည်ထမ်းဆောင်နေကြကြောင်း ခရမ်းဒေသခံ နောက်တစ်ဦးကလည်းပြောသည်။

ယင်းအပြင် ခရမ်းမြို့နယ်ပြင်ပသို့ ထွက်ခွါသွားလာလိုသူများ အနေဖြင့် အောက်တိုဘာ ၁၈ရက်မှ စတင်ကာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိရမည်ဖြစ်ပြီး ပြင်ပကားများ လုံးဝ ဝင်ထွက်ခွင့်မပြုတော့ဟု ဒေသခံများက ပြောသည်။

"နုတ်ထွက်ထားတဲ့ အုပ်ကြီးတွေကိုယ်တိုင်လုပ်ပေးနေတာပါ။ လုပ်ပေးတာက ၁၈ ရက်နေ့ကတည်းကပါ။ အုပ်ကြီးအားလုံးနီးပါး တရားဝင်လုပ်နေတာမဟုတ်ပါဘူး။ ခိုးကြောင်ခိုးဝှက်လုပ်နေကြတာ"ဟု အဆိုပါ ဒေသခံက ပြောသည်။

ထောက်ခံစာလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျပ် ၅၀၀ ပေးရကြောင်းလည်း ၎င်းက ပြောသည်။

ခရမ်း PDF အဖွဲ့ဝင်တစ်ဦးကလည်း "သူတို့က အခု မြို့ပြင်ထွက်တာ ဝင်တာ အိမ်ပြင်ထွက်တာကအစ ထောက်ခံစာတောင်းတယ်။ သူတို့ရှိတဲ့လမ်းကြောင်းကိုသွားမိရင် ထောက်ခံစာတောင်းတယ်။ ထောက်ခံစာပါရင်တောင် ထိုင်ခိုင်းပြီး ရိုက်တာတွေရှိတယ်။ ပြီးတော့ သူတို့က နေရာအနှံ့မှာတပ်တွေစွဲထားတယ်။ တစ်နေရာကို ၂၅ ယောက်လောက်ရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ၁၅ရက်အတွင်း ရာထူးမှ နုတ်ထွက်ရန် ဒေသခံ PDF တပ်ဖွဲ့က အောက်တိုဘာ လဆန်းပိုင်းတွင် သတိပေးထားခဲ့သည်။ ထိုသို့ သတိပေးပြီးနောက် ခရမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၃ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၆ ခုမှ အုပ်ချုပ်ရေးမှူး ၆၄ ဦးမှာ အောက်တိုဘာ ၁၄ရက်တွင် အပြီးသတ် နှုတ်ထွက်ခဲ့သည်။ ထိုသို့ နှုတ်ထွက်အပြီး သုံးရက်အကြာတွင် ခရမ်းမြို့သို့ နယ်လုံဝန်ကြီးကိုယ်တိုင် ရောက်လာပြီး အုပ်ချုပ်ရေးမှူးများ တာဝန်ပြန်လည်ထမ်းဆောင်ရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required