မြန်မာ့အရေးမှာ အာဆီယံ ဘာကြောင့် နောက်ဆုံး ပြတ်သားလာသလဲ

မြန်မာ့အရေးမှာ အာဆီယံ ဘာကြောင့် နောက်ဆုံး ပြတ်သားလာသလဲ

အောက်တိုဘာ ၂၀

(Asia Times ပါ Bertil Lintner ၏ ‘Why ASEAN finally took a stand on Myanmar’ ကို ဘာသာပြန်ဆိုပါသည်။)

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ ဘရူနိုင်းမှာ ကျင်းပမယ့် လာမယ့် ထိပ်သီးညီလာခံဆီ တက်ရောက်ရေးမှာ မြန်မာ စစ်အုပ်စု ကိုယ်စားပြုသူတွေကို ပိတ်ပင်ခဲ့တာဟာ အဖွဲ့ကြီးရဲ့ ရေရည်မူဝါဒဖြစ်တဲ့ အဖွဲ့ဝင် ဆယ်နိုင်ငံထဲက နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ‘မစွက်ဖက်ရေး’ မူဝါဒကို ပထမဆုံး သွေဖယ်လာခဲ့တာပဲလား။ ဒါဆိုရင် ဘာကြောင့်ပါလဲ။  

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ အာဏာ လုယူမှုအပေါ် ကြီးမားတဲ့ ပြည်သူ့ တော်လှန်ဖီဆန်မှုတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းရာမှာ လူ ၁၀၀၀ ကျော်ထက်မနည်း သေဆုံးရပြီး လူပေါင်းများစွာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် စိုးရိမ်တာကြောင့်ပဲလား။
 
ဒါမှမဟုတ် ထိရောက်မှု မရှိဘူးလို့ အာဆီယံအပေါ် ဝေဖန်မှုတွေ တိုးပွားလာတာနဲ့အတူ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ဒေသတွင်း နိုင်ငံရေးအာဏာမှာ ပါဝင်ပတ်သက်မှု တိုးများလာတဲ့အချိန် ယုံကြည်မှု ပျောက်ဆုံးနေတာအတွက် အရှက်ပြေရုံသက်သက် လုပ်ဆောင်ချက်ပဲလား။

မြန်မာစစ်အာဏသိမ်းမှုကို မည်ကာမတ္တာမဟုတ်ဘဲ ရှုတ်ချနေပြီး နိုင်ငံမှာ ပုံမှန်အခြေအနေဆီ ပြန်ရောက်ရေး အားထုတ်လုပ်ဆောင်ဖို့ တိုက်တွန်းနေတဲ့ အမေရိကန်နဲ့ အခြားသော အနောက်နိုင်ငံတွေရဲ့ မျက်နှာသာပေးမှုအပေါ်မှာ အာဆီယံဟာ တော်တော်လေး မှီခိုနေရတာ ဖြစ်ပါတယ်။ အထူးသဖြင်တော့ COVID-19 ကပ်ဘေးနောက်ပိုင်းမှာပါ။  
မြန်မာဆန္ဒပြသူတွေဟာ ထိရောက်မှု မရှိဘူးဆိုပြီး အာဆီယံအဖွဲ့ကို ရှုတ်ချကြသလို မြို့တော်ဟောင်း ရန်ကုန်က ပြည်သူ့ဆန္ဒပြပွဲတွေမှာဆိုရင် အာဆီယံအလံကို မီးတင်ရှို့တာတွေ ရှိခဲ့ပါတယ်။

အာဆီယံ ကိုယ်၌က လစ်ဘရယ်ဒီမိုကရေစီ အသင်းအဖွဲ့အဖြစ် ထင်ဟပ်ပြဖို့လည်း ခဲယဉ်းနေပါတယ်။ အဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဟာ ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံပါ။ ဗီယက်နမ်နဲ့ လာအို အဖွဲ့ဝင်နှစ်နိုင်ငံဟာလည်း ကွန်မြူနစ်အုပ်ချုပ်တဲ့ တစ်ပါတီစနစ်နိုင်ငံတွေပဲ ဖြစ်ပါတယ်။  

ကမ္ဘောဒီးယားဟာလည်း နိုင်ငံရေးအတိုက်အခံ ပါတီကို တရားမဝင်ကြောင်း မကြာသေးခင်ကမှ ကြေညာဖျက်သိမ်းခဲ့သူ ဝန်ကြီးချုပ် ဟွန်ဆန်က အုပ်ချုပ်နေတာဖြစ်ပြီး ရက်စက်တဲ့ အာဏာရှင်စနစ်ဆီ နိုင်ငံကို တွန်းပို့နေတာပဲ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ မီဒီယာနဲ့ အရပ်သားအခွင့်အရေးတွေဟာ အခြေခံလွတ်လပ်ခွင့်တောင် ချို့တဲ့နေပြီး မလေးရှားကပဲ ဒီမိုကရေစီတစ်ပိုင်း နိုင်ငံအဖြစ် အကောင်းဆုံးပြယုဂ်အဖြစ် ရှိနေတော့တာပါ။ ဖိလစ်ပိုင်ရဲ့ သမ္မတ ဒူတာတေးကတော့ မီဒီယာတွေနဲ့ အတိုက်အခံအားလုံးကို ဆေးဖော်ကြောဖက် မလုပ်တာအတွက် လူသိများရသူပါ။
ထိုင်းနိုင်ငံဆိုရင်လည်း စစ်တပ်ဟာ ရွေးကောက်ခံအစိုးရတွေကို ဖြုတ်ချပြီး အာဏာသိမ်းမှုတွေ တော်တော်များများ သမိုင်းကြောင်း ရှိထားပါတယ်။ ၂၀၁၉ မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ကြားကပဲ စစ်တပ်ဟာ မတန်တဆ နိုင်ငံရေးအခန်းကဏ္ဍကို ရယူထားတာလည်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှု သမိုင်းကြောင်း ရှိခဲ့တဲ့ အင်ဒိုနီးရှားကတော့ ဒီမိုကရေစီ အကျဆုံး အာဆီယံအဖွဲ့ဝင်လို့ဆိုရင်တောင် ငြင်းဆန်မယ့်သူတွေက ရှိနေဦးမှာပါ။
အာဆီယံရဲ့ အခြေခံအကျဆုံး မူဘောင်နှစ်ရပ်ဟာ ‘ဝင်ရောက်မစွက်ဖက်ရေး’ နဲ့ ‘ဘုံသဘောတူညီမှု’ ပဲဖြစ်ပြီး ဒီအတွက်ကြောင့်လည်း ဒီမိုကရေစီမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ဒါမှမဟုတ် အဖွဲ့ဝင်နိုင်ငံအတွင်း ပြဿနာ ဖြစ်ပွားတဲ့အခါ တိကျပြတ်သားတဲ့ ဘယ်လို အရေးယူဆောင်ရွက်မှုမှ လက်ရှိအထိ ဖြစ်မလာနိုင်သေးတာပါ။ ဒါပေမဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ SAC) လို့ သိကြတဲ့ မြန်မာစစ်အာဏာသိမ်း စစ်ကောင်စီ ကိုတော့ အာဆီယံခေါင်းဆောင်တွေ သည်းခံနိုင်စိတ် ကုန်သွားတာကတော့ ရှင်းလင်းသေချာနေပါတယ်။

စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ လက်ရှိမှာ ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် ရာထူးရယူထားသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၂၄ ရက်က ဂျကာတာဆီ တစ်ရက်တာ ခရီးစဉ်သွားရောက်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ အဖွဲ့အစည်းအားလုံးကြား စေ့စပ်ဆွေးနွေးမှုတွေ ဖော်ဆောင်ရေးစတာတွေ အပါအဝင်ဖြစ်တဲ့ ‘ဘုံသဘောတူညီချက် ငါးရပ်’ ကို ဒီ ခရီးစဉ်အတွင်းမှာ အခြား အာဆီယံ မိတ်ဖက်တွေနဲ့ သဘောတူညီခဲ့ကြပါတယ်။  

ဒါအပြင် ‘စေ့စပ်ညှိနှိုင်းမှုတွေ အဆင်ပြေချောမွေ့ရေး’ အတွက် အာဆီယံဥက္ကဋ္ဌကနေ အထူးသံတမန် ခန့်အပ်ရေးနဲ့ ဘေးဒုက္ခ စီမံခန့်ခွဲမှု လူသားချင်းစာနာထောက်ထားရေး အကူအညီဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစင်တာ AHA ကတစ်ဆင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပံ့ပိုးထောက်ပံ့ရေးကိုပါ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။

အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်နဲ့ “ဆိုင်ရာအဖွဲ့အစည်းအားလုံး” နဲ့ တွေ့ဆုံရေးကိုပါ မင်းအောင်လှိုင်က သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ဗီဒီယိုကွန်ဖရင့်ကနေ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ စစ်အစိုးရ ကိုယ်စားပြုသူတွေကို ပိတ်ပင်တဲ့ အာဆီယံ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၅ ရက်မှာ အွန်လိုင်းကပဲ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ထုတ်ပြန်ချက်တစ်ရပ်မှာ ရှင်းလင်းပြောဆိုထားပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ မစွက်ဖက်ရေးဆိုတဲ့ ‘အာဆီယံ ပဋိညာဉ်အတွင်း အခြေခံမူဘောင်တွေ’ ကို မှတ်ချက်ပြုထားပေမယ့် “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်း လုံခြုံရေးအပြင် စည်းလုံးညီညွတ်မှု၊ ယုံကြည်အားထားရမှုနဲ့ စည်းမျဉ်းအခြေပြု အဖွဲ့အဖြစ် အာဆီယံရဲ့ ဗဟိုရပ်တည်မှုတွေကိုပါ သက်ရောက်လာနေကြောင်း” ဝန်ကြီးတွေက ဖော်ပြထားပါတယ်။

ဒီအတွက် လာမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကနေ နိုင်ငံရေးနဲ့ ပတ်သက်မှု မရှိသူ ကိုယ်စားပြုသူကိုပဲ အာဆီယံက ဖိတ်ကြားလိမ့်မယ်လို့ ဆိုထားပါတယ်။ ‘နိုင်ငံရေးနဲ့ မပတ်သက်သူ’ ဆိုတာဟာ ရှင်းရှင်းလင်းလင်း ရှိမှာ မဟုတ်သလို ဘယ်သူကို ဘယ်လို ရွေးချယ်ခန့်အပ်မယ်ဆိုတာကိုလည်း မသိရပါ။  

ဒီနောက်မှာ စစ်အုပ်စုဟာ အာဆီယံရဲ့ အထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof ကို ခန့်အပ်တာကို လက်ခံပြီး ဘုံသဘောတူညီချက် ငါးရပ်အပေါ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လိုအပ်တဲ့သူတွေဆီ AHA က တစ်ဆင့် အကူအညီတွေ ပေးပို့ဖြန့်ဖြူးခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဖယ်ရှားဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံ တရားရုံးတွေမှာ ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် အထူးသံတမန်နဲ့ တွေ့ဆုံခွင့် မပေးကြောင်းလည်း ဆိုပါတယ်။

အခြားတစ်ဖက်က ကြည့်ရင် ဒါဟာ စစ်ကောင်စီအနေနဲ့ ဖယ်ရှားခံ ခေါင်းဆောင်တွေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေနဲ့ ဘယ်လို စေ့စပ်ညှိနှိုင်းမှုမျိုးကိုမဆို တံခါးပိတ်ထားတာပဲ ဖြစ်ပါတော့တယ်။ “မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ စေ့ဆော်တဲ့ အရေးယူမှုနဲ့ ဖိအားပေးမှု ရည်ရွယ်ချက် ရှိသူတွေရဲ့ လုပ်ဆောင်ချက်မျိုးကနေ အာဆီယံသံတမန်အနေနဲ့ ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း” မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပြုခဲ့ပါတယ်။

နိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ စစ်ဗိုလ်ချုပ်ကြီး‌တွေကို အာဏာလွှဲပြောင်းပေးဖို့ ဆုံးဖြတ်တာကြောင့် ဖွဲ့စည်းပုံနဲ့အညီ အာဏာကို ရထားယူတာဖြစ်တယ်ဆိုပြီး စစ်ကောင်စီက တစိုက်မတ်မတ်ပြောနေတာပဲဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အငြိမ်းစားယူတယ်လို့ စစ်ကောင်စီက ဆိုတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကနေ သမ္မတနေရာကို စစ်တပ်က ခန့်အပ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်ခံရယူခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။  

ဒါပေမဲ့ အောက်တိုဘာ ၁၂ ရက် တရားရုံးကြားနာမှုမှာ သမ္မတဦးဝင်းမြင့်ဟာ သူ ကျန်းမာရေးကောင်းကြောင်းကို အများသိစေခဲ့ပါတယ်။ စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင် သမ္မတဦးဝင်းမြင့်ကို ရာထူး စွန့်လွှတ်ဖို့ အတင်းဖိအားပေးခဲ့ပြီး ငြင်းဆန်ရင် ထိခိုက်နစ်နာမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သူ့ရှေ့နေ ဦးခင်မောင်ဇော်အဆိုအရ သိရပါတယ်။

သမ္မတကြီးက “လိုက်လျောတာထက် အသေဘဲ ခံမယ်” ဆိုပြီး ပြန်ပြောခဲ့ကြောင်း သတင်းထောက်တွေဆီ ပေးပို့တဲ့ အင်္ဂလိပ်လို စာသားမက်ဆေ့ချ်မှာ ဦးခင်မောင်ဇော်က ရေးသားထားပါတယ်။ ဒီအတွက် အာဏာရယူမှုက တရားဝင်တယ်လို့ စစ်တပ်ရဲ့ အခိုင်အမာ ပြောဆိုထားတာ မှေးမှိန်လျော့ပါးသွားစေပြီး စစ်တပ်ကို ပံ့ပိုးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရတောင် တရားဝင်မှု အားနည်းသွားတော့တာလည်း ဖြစ်ပါတယ်။  

အာဆီယံရဲ့ ကနဦး မြန်မာကို ပိတ်ပင်မှုဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က စတင်လာပုံ ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိရင် ဖယ်ရှားခံ လွှတ်တော်အမတ်တွေနဲ့ အတိုက်အခံပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ မလေးရှားနိုင်ငံဟာ စဉ်းစားသုံးသပ်ဖို့ အသင့်ဖြစ်နေပြီဆိုပြီး သူက အောက်တိုဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။
စကားပြော ပြတ်သားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း “အကျိုးဖြစ်စေမယ့် လုပ်ငန်းစဉ်ကနေ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြန်ပြီး မဖော်ဆောင်သရွေ့ နိုင်ငံရေးအဆင့်မှာ ကိုယ်စားပြုသူ မရှိသင့်ဘူး”ဆိုပြီး အောက်တိုဘာ ၁၅ ရက်မှာ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စိုးရိမ်ပူပန်မှုအရတော့ မြန်မာရဲ့ အဖွဲ့ဝင်ဖြစ်မှုအပေါ် စီမံနိုင်ဖွယ် မရှိဆိုပြီး လက်ခံထားတဲ့ အာဆီယံအတွက်တော့ စစ်ကောင်စီရဲ့ ခေါင်းမာပြီး သိက္ခာနည်းမှုဟာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသတွင်း လုံခြုံရေးရာ သုတေသီတွေက ဆိုပါတယ်။  

မလေးရှားနဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံကနေ မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်တွေ စီးဝင်မှုကို လက်ခံရရှိနေရတာ နှစ် အတော်ကြာပါပြီ။ ဩဂုတ်လကုန်အထိ မလေးရှားနိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးမှာ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံ့ခွင့် တောင်းခံသူ ၁၇၉၃၉၀ ဦး မှတ်ပုံတင်ကြောင်း UNHCR အရ သိရပါတယ်။

အဲဒီ ဦးရေမှာ ၁၀၂၉၉၀ က ရိုဟင်ဂျာတွေဖြစ်ပြီး ၂၂၄၇၀ က ခရစ်ယာန်အများစုဖြစ်ကြတဲ့ ချင်းတိုင်းရင်းသားတွေဖြစ်သလို ၂၉၃၉၀ ဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြစ်ပွားပေါ်ပေါက်နေတဲ့ ဒေသတွေက အခြား တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ ဦးရေအတိအကျ မသိရပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာဟာ အင်ဒိုနီးရှားဆီ စက်လှေတွေနဲ့ ဘေးများတဲ့ ပင်လယ်ခရီးကိုဖြတ်ပြီးလည်း သွားရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဖိစီးချုပ်ခြယ်မှုတွေ၊ နှိပ်ကွပ်မှုတွေကနေ ထွက်ပြေးကြတဲ့ ဦးရေ မြင့်တက်နေတာကို မြန်မာရော၊ အင်ဒိုနီးရှားပါ သင့်တင်လျောက်ပတ်စွာ ရပ်တည်မှု မရှိတာကြောင့် သူတို့ကို နေရပ်ပြန်ပို့နိုင်ရေး ကြိုးပမ်းမှုကလည်း အရာမထင် ဖြစ်နေရပါတယ်။  

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ အာဆီယံဒေသတွင်းက စီးပွားရေးကိုလည်း ဆိုးဝါးစေပါတယ်။ စင်ကာပူရဲ့ မြန်မာနိုင်ငံဆီ ပို့ကုန်တင်ပို့မှုဟာ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရှိခဲ့ပါတယ်။ တွင်းထွက်လောင်စာ၊ ရေနံ၊ လျှပ်စစ်ပစ္စည်းနဲ့ စက်ယန္တရားတွေ အဓိကအားဖြင့် တင်ပို့တာပါ။ စင်ကာပူနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကုမ္ပဏီတွေဟာ မြန်မာနဲ့ စီးပွားရေး တွဲဖက်လုပ်ကိုင်တာအတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။

အာဏာမသိမ်းခင်ကဆိုရင် ဗီယက်နမ်နဲ့ ကုန်သွယ်ရေးကလည်း ဖွံ့ဖြိုးနေခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေဟာ ရန်ကုန်မှာ အိမ်ခြံမြေနဲ့ အကြီးစား မော်ဒယ်သစ် ရှော့ပင်းမောလ်တွေမှာ ရင်းနှီးမြုပ်နှံကြပါတယ်။ မြန်မာနိုင်ငံက ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Mytel ဟာဆိုရင် စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဗီယက်နမ်စစ်တပ်ပိုင် Viettel တို့ကြားက အကျိုးတူပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ အနည်းငယ်သာ ရှိတဲ့ ဗီယက်နမ်အတွက်တော့ ပြည်ပနိုင်ငံတစ်နိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ပုံမှန်ဆိုရင် စိုးရိမ်ပူပန်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ပူးတွဲပိုင် ဆက်သွယ်ရေးတာဝါတိုင်တွေကို စစ်အာဏာသိမ်းမှုကြောင့် စစ်အစိုးရကို ဆန့်ကျင်သူတွေရဲ့ ဖောက်ခွဲဖျက်ဆီးတာနဲ့ အခြား ရင်းနှီးမြုပ်နှံမှုတွေ ဖျက်ဆီးခံရတာကို ကြည့်မြင်နေနိုင်ဖို့တော့ ခက်ခဲလွန်းပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို အလေးထားစောင့်ကြည်သူတွေအနေနဲ့လည်း
စစ်ကောင်စီဟာ လက်ရှိ ဖမ်းဆီးထားဆဲ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်လာမယ်လို့ ယုံကြည်ယူဆထားသူ မရှိသလောက်ပါပဲ။

ဒါကြောင့်  ဝိုင်းပယ်ခံရတဲ့ အဖွဲ့ဝင်နိုင်ငံနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အာဆီယံဟာ နာမည်ဂုဏ်သတင်း နွမ်းသထက် နွမ်လာပါတော့တယ်။ လုပ်နေကျဖြစ်တဲ့ နောက်ထပ် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်တာထက် ပိုပြီး လုပ်နိုင်တာကလည်း အာဆီယံအတွက် အနည်းအကျဉ်းသာ ရှိပါတယ်။

အာဆီယံရဲ့ တကယ် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်မှုကတော့ “မြန်မာဟာ အာဆီယံမိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း ထပ်လောင်းပြောပြီး” ထိုအတွက် မြန်မာကို “ပြည်တွင်းရေးရာ ပြန်လည်ထိန်းချုပ်နိုင်ပြီး ပုံမှန်ဆီ ပြန်သွားနိုင်သည်အထိ” ထိပ်သီးအစည်းအဝေးဆီ မဖိတ်သင့်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ထုတ်ပြန်ချက်မှာ ဆိုထားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်တော်များများကတော့ ကိုယ့်လမ်းကြောင်း ကိုယ် ရွေးကြမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဝရုန်းသုန်းကား အခြေအနေဖြစ်နေတာပါ။ အာဆီယံအနေနဲ့ သင်္ကေတသဘောဆောင် ထိပ်သီးအစည်းအဝေးကနေ ဖယ်ချန်တာထက် ပိုပြီး မြန်မာ့အရေးမှာ လုပ်ဆောင်နိုင်စွမ်းဟာလည်း အင်မတန်ပဲ နည်းပါးလွန်းလှပါတယ်။

(Asia Times ပါ Bertil Lintner ၏ ‘Why ASEAN finally took a stand on Myanmar’ ကို ဘာသာပြန်ဆိုပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly