မြစ်ကြီးနားမှ သတင်းသမားများ မလွတ်သေး

By သတင်းနှင့် မီဒီယာ ကွန်ရက်
19 October 2021
မြစ်ကြီးနားမှ သတင်းသမားများ မလွတ်သေး

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်။

စစ်ကောင်စီက မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေးလိုက်သူများထဲတွင် သတင်းသမားများ ပါဝင်ခြင်း မရှိသေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး က ပြောသည်။

စစ်တပ်၏ အာဏာသိမ်းခြင်းကို လက်မခံဘဲ ရှေ့ဆုံးက ဆန္ဒပြခဲ့သူ မန္တလေးကျောင်းတိုက်က ဆရာတော် ဦးပညာ ဝံသ အပါအဝင် အကျဉ်းသူ/သား ၂၉ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ (ယနေ့) တွင် မြစ်ကြီးနား အကျဉ်း ထောင်မှ ပြန်လွတ်ပေးခဲ့ခြင်းသော်လည်း ၎င်းတို့ထဲတွင် သတင်းသမားများ မပါသေးဘူးဟု မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး က ပြောသည်။

မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက "ဒီနေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပါဝင်တဲ့ ဆန္ဒပြတဲ့ သူတွေကို လွတ်ပေးတာ။ မနက်ဖြန် ဆက်လွတ် မလားတော့ ကျနော်တို့ မသိရသေးဘူး။ သတင်းထောက် တွေ ကတော့ ဒီနေ့လွတ်တဲ့ အဖွဲ့မှာတော့ မပါဘူး။ မနက် ဖြန်ကတော့ မနက်ဖြန် အမိန့်ထွက်လာမှပဲ ကျနော်တို့ သိ လို့ရမယ်" ဟု ပြောသည်။

မြစ်ကြီးနားထောင်တွင်ကျန်ရှိနေသည့် သတင်းသမားများမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media က သတင်းထောက် မချန်ဘူ၊ Kachin Wave သတင်းဌာန က ကိုလရော် တို့ ဖြစ်ကြသည်။

စစ်ကောင်စီက လူသားချင်း စာနာထောက်ထားခြင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသူ/သား များ ကို အောက်တိုဘာလ ၁၈ရက်နေ့က လွတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ/သားပေါင်း ၁၃၁၆ ဦး တို့ကို နောက်တစ်ကြိမ်ပြစ်မှု ကျူး လွန်ပါက ပြစ်ဒဏ်တစ်ပေါင်းတည်းကျခံစေရန်နှင့် ကြားနာစစ်ဆေးဆဲ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦး တို့ကို အမှုပိတ်သိမ်းပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ လွှတ်ပေးနေခြင်း ဖြစ်သည်။

မြစ်ကြီးနား အကျဉ်းဦးစီးဌာနက ဧပြီလ ၁၇ရက် (နှစ်ဆန်း၁ရက်နေ့) ကလည်း အကျဉ်းသူ/သား ပေါင်း ၅၀၅ ယောက် နှင့် ဇွန်လ ၃၀ ရက်နေ့က အကျဉ်းသူ/သား ပေါင်း ၁၄၀ ခန့်ကို လွတ်ငြိမ်း သက်သာ ခွင့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly