ရာသီဥတုယိုယွင်းပျက်စီးမှု ပြဿနာနှင့် ပါကစ္စတန် ရင်ဆိုင်နေရ

ရာသီဥတုယိုယွင်းပျက်စီးမှု ပြဿနာနှင့် ပါကစ္စတန် ရင်ဆိုင်နေရ

ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရများအဖွဲ့ (IPCC) က ယခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် စံချိန်တင် ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်မှုများအကြောင်း ကို ပြုစုထားရာတွင် ဥရောပမြောက်ပိုင်းနှင့် တရုတ်နိုင်ငံမှ ရေကြီးမှုများ၊ အမေရိကန် မှ တောမီးများနှင့် ကမ္ဘာ့အခြားနေရာများမှ အပူလှိုင်းများအကြောင်းကို ဖော်ပြထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာကြီးပူနွေးမှုကို ပြန်လည်ပြောင်းလဲမရနိင်ကြောင်းနှင့် မိမိတို့ အကောင်းဆုံးလုပ်နိုင်သည်မှာ ဂေဟစနစ်ကြီးတစ်ခုလုံး ပြိုလဲမသွားအောင် ကာကွယ်ဟန့်တားရေးပင်ဖြစ်သည်။

အစီရင်ခံစာတွင် ပိုမိုစိုးရိမ်စရာကောင်းသည့် အချက်တစ်ချက်မှာ ဝင်ရိုးစွန်းနှင့် ရေခဲတောင်များသည် ဆယ်စုနှစ်များစွာ၊ ရာ စုနှစ်များစွာ ဆက်လက်အရည်ပျော်မည်မှာ မပြောင်းလဲနိုင်သည့် ဖြစ်စဉ်ဖြစ်သည်။

ပါကစ္စတန်သည် ကမ္ဘာပေါ်ရှိ ဝင်ရိုးစွန်းအရပ်ပြင်ပနေရာများအနက် ရေခဲတောင်အများဆုံးရှိသည့်နေရာဖြစ်သည်။ ယင်းရေခဲတောင်များက အိန္ဒိယနှင့် ပါကစ္စတန်ကို ပိုင်းခြားထားသည့် အိန္ဒုမြစ်ဝှမ်းကို ဖြစ်ပေါ်စေပြီး မြေဆီမြေနှစ်ကောင်းမွန်သော နေရာတစ်ခုဖြစ်အောင် ဖန်တီးပေးထားသည်။ ပါကစ္စတန်၏ လူဦးရေ ၂၁၆ သန်းအနက် ၇၅ ရာခိုင်နှုန်းသည် အိန္ဒုမြစ်ကမ်းတစ်လျှောက်တွင် အခြေချနေထိုင်ကြသည်။ အကြီးဆုံး မြို့ကြီး ၄ ခုသည် စက်မှုလုပ်ငန်းနှင့် အိမ်သုံးရေအတွက် အဆိုပါမြစ်ကို မှီခိုနေကြရသည်။

တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်နိုင်သောကြောင့် နိုင်ငံ၏ စီးပွားရေးကို ကောင်းမွန်စေသည်။ သို့သော် သေချာသလောက်နီးပါးရှိသော IPCC ၏ အစီရင်ခံစာ မှန်ကန်ပါက ၂၀၅၀ ပြည့်နှစ်မတိုင်မီ ပါကစ္စတန်သည် ရေပြတ်လပ်မှုကို ကြုံတွေ့ရလိမ့်မည်။

ပါကစ္စတန်သည် ရာသီဥတုပြောင်းလဲမှုကို ကြုံတွေ့နေရသည့် တစ်ခုတည်းသော ဝင်ငွေနည်းနိုင်ငံမဟုတ်ပါ။ တရုတ်နှင့် အမေရိကန်ကဲ့သို့ စက်မှုနိုင်ငံများကို အားကိုးရာမဲ့ မျှော်ကြည့်နေရသည့် တစ်ခုတည်းသော နိုင်ငံလည်း မဟုတ်ပေ။ မော်လ်ဒိုက်နှင့် အခြားကျွန်းနိုင်ငံများကဲ့သို့ပင် ပါကစ္စတန်သည် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ သို့သော် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကိစ္စကို အခြားနိုင်ငံများက ကုလသမဂ္ဂတွင် ဆွေးနွေးနေကြသော်လည်း ပါကစ္စတန်နိုင်ငံက ၎င်း၏ အနာဂါတ်အတွက် အနည်းငယ်မျှပင် လုပ်ဆောင်နေခြင်းမရှိပေ။

ယင်းပြဿနာသည် ပါကစ္စတန်အနေဖြင့် လာမည့် ၁၀ စုနှစ်များတွင် ကြုံတွေ့ရမည့် အကြီးဆုံး လုံခြုံရေးပြဿနာဖြစ်သည်။ အခြားနိုင်ငံများက ရေချိုအတွက် ဝင်ရိုးစွန်းဒေသမှမဟုတ်သည့် ရေခဲများကို ပါကစ္စတန်ကဲ့သို့ မှီခိုနေရခြင်းမရှိပေ။ အခြားနိုင်ငံများအနေဖြင့် များစွာဆုံးရှုံးနိုင်ဖွယ်မရှိသော်လည်း ပါကစ္စတန်အစိုးရက စိုးရိမ်စရာကောင်းသော ယင်းပြဿနာကို ဂရုပြုပုံမရပေ။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအား ၂၀၃၀ ပြည့်နှစ်မတိုင်မီ အသုံးပြုရန် ရည်မှန်းချက်အတွက်ပင် များစွာ အားစိုက်ထုတ်ခြင်းမရှိပေ။ လက်ရှိအချိန်တွင် ပါကစ္စတန်က လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို ရုပ်ကြွင်းလောင်စာများမှ ရရှိနေသည်။

ပါကစ္စတန်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုပြဿနာအများအပြားနှင့် ကြုံတွေ့နေရသည်။ အပူလှိုင်းများက လူအများအပြားကို သေစေကာ၊ ကောက်ပဲသီးနှံစိုက်ပျိုးမှုများနှင့် အထွက်နှုန်းတို့ကို များစွာ ထိခိုက်လာသည်။ ၎င်း၏ အကြီးဆုံးမြို့ကရာချိနှင့် နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်တို့တွင် ရေကြီးမှုများကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ပါကစ္စတန်နှင့် တရုတ်တို့၏ စီးပွားရေးစင်္ကြံတွင် အဓိကကျသည့် အစိတ်အပိုင်းဖြစ်သော ၈၀၆ ကီလိုမီတာရှည်သည့် ကာရာကိုရမ် အဝေးပြေးလမ်းမကြီးကို မြေပြိုမှုများကြောင့် အကြိမ်များစွာ၊ ရက်ပေါင်းများစွာ ပိတ်ခဲ့ရသည်။ ယင်းကဲ့သို့ မြေပြိုရခြင်းသည် ကိုဟီစတန် မြောက်ပိုင်းနှင့် ဂျက်လော့တောင်ပိုင်းတို့တွင် သစ်တောအများအပြား ပြုန်းတီးမှုကြောင့် ဖြစ်သည်။ ထို့ပြင် မြောက်ပိုင်း ရှင်ရှယ်လ်နှင့် စကာဒူတောင်ကြား အရှေ့ဖက်တို့တွင်လည်း သစ်ခိုးထုတ်သူများက သက်တမ်းရင့်သစ် တောများကို ခုတ်ယူနေကြသောကြောင့် သဘာဝကပ်ဘေးကြုံတွေ့ရန် သေချာသလောက်နီးပါး ဖြစ်နေသည်။

ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မဆောင်ရွက်ပါက ပါကစ္စတန်သာမက တောင်အာရှဒေသများတွင် အခြေအနများ ပိုမိုဆိုးရွားလာနိုင်ကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးထားသည်။ ပါကစ္စတန်၏ ရေခဲတောင်များသည် အရည်ပျော်နေပြီး နိုင်ငံအနေဖြင့် ရေပြတ်လပ်မှုမဖြစ်မီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ၁၀ စုနှစ် ၁ ခုကျော်ကပင် သတိပေးလာခဲ့သည်။ ယခုအခါ IPCC ကလည်း အလားတူ ပြောကြားလာသည်။

ပြဿနာကြီးထွားလာမည့် အထောက်အထားများရှိနေသော်လည်း ပါကစ္စတန်က လုပ်ကိုင်ဆောင်ရွက်ရန် ငြင်းဆိုနေဆဲ ဖြစ်သည်။

ယခုအခါ ပါကစ္စတန်သည် ရာသီဥတု ယိုယွင်းမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုများသည် ကဏ္ဍတစ်ရပ်၊ နိုင်ငံ၏ ဒေသတစ်ခုတည်းကိုသာ မဟုတ်ဘဲ ပြည်သူအားလုံး၏ ဘဝနှင့် အသက်မွေးဝမ်းကြောင်းများကိုပါ ခြောက်လှန့်နေသည်။

ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံသုံးစွဲမှုကြောင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန် နောက်ကျလွန်နေပြီဖြစ်ကြောင်း IPCC ၏ ယခုနှစ် အစီရင်ခံစာတွင် ရေးသားထားသည်။ ပါကစ္စတန်နှင့် ကမ္ဘာပေါ်တွင် မိမိတို့ရွေးချယ်ရမည့်အရာမှာ ပျက်စီးမှု လမ်းကြောင်းကို ဆက်လျှောက်မလား၊ မိမိတို့အားလုံး၏ ရှင်သန်မှုအတွက် စတင်ရုန်းကန်ဆောင်ရွက်ကြမလားဆိုသည့် အချက်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly