ပါကစ္စတန်၌ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းမှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းကို ပါလီမန်‌ကော်မတီက ပယ်ချ

ပါကစ္စတန်၌ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းမှု ဆန့်ကျင်ရေး ဥပဒေမူကြမ်းကို ပါလီမန်‌ကော်မတီက ပယ်ချ

ပါကစ္စတန်နိုင်ငံတွင် အတင်းအကျပ် ဘာသာပြောင်းခိုင်းမှု ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ် အဆိုပြုမှုအပေါ် အောက်တိုဘာ ၁၃ ရက်က ပါလီမန်ကော်မတီတစ်ခုက ပယ်ချသွားခဲ့သည်။ အဆိုပါ ပါလီမန်ကော်မတီ၏ ဆုံးဖြတ်ချက်ကို လူနည်းစု အစုအဖွဲ့များမှ ဥပဒေပြုအမတ်များက ကန့်ကွက်ခဲ့ကြသည်။ ထိုမတိုင်မီက ယင်းနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနက ယင်းအဆိုပြု ဥပဒေမူကြမ်းကို ဆန့်ကျင်ထားခဲ့သည်။

အတင်းအဓမ္မ ဘာသာပြောင်းခိုင်းမှုများကနေ လူနည်းစုများကို ကာကွယ်ပေးရေးဆိုင်ရာ ပါလီမန်ကော်မတီ၏ အစည်းအဝေးတစ်ခုအတွင်း အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဘာသာရေးဆိုင်ရာ ဝန်ကြီး နူရူလ် ဟက်ခ် ကာဒရီက အတင်းအဓမ္မ ဘာသာပြောင်းခိုင်းမှုများကို ဆန့်ကျင်သည့် ဥပဒေတစ်ရပ် ဖန်တီးပြဋ္ဌာန်းမှုအတွက် “အခြေအနေ သင့်လျော်မှု မရှိ” ဟု ပြောခဲ့သည်။

အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုများဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းမှုက နိုင်ငံတွင်းရှိ ငြိမ်းချမ်းမှုကို ယိုယွင်းဆိုးရွားစေလိမ့်မည် ဖြစ်သလို “လူနည်းစုများအတွက် နောက်ထပ် ပြဿနာများ ဖန်တီးပေးရာ ရောက်လိမ့်မည်” ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

“သူတို့ (လူနည်းစု အစုအဖွဲ့များ) တွေကို ပိုပြီး ခုခံနိုင်မှုပိုင်း အားနည်းသွားစေပါလိမ့်မယ်” ဟု ဝန်ကြီးက ပြောခဲ့သည်။

ပြည်နယ် အစိုးရများ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရုံး တို့က အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုများကို အဆုံးသတ်စေရန်အတွက် အခြား အစီအမံ လုပ်ဆောင်ချက်များ လုပ်ဆောင်သွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်သည့် ဥပဒေ ပြဋ္ဌာန်းမှုကမူ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုဆီကိုသာ ဦးတည်သွားနိုင်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

ပါလီမန်ရေးရာ ဝန်ကြီး အလီ မူဟာမက် ခန်း ကလည်း အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုများဆိုင်ရာ ကိစ္စကို ဝန်ကြီးချုပ်ထံ တင်ပြထားပြီးသား ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်က ထိုကိစ္စနှင့်ပတ်သက်ပြီး ပါလီမန်ဆိုင်ရာ အထူးကော်မတီတစ်ခု ဖွဲ့စည်းထားစေခဲ့ကြောင်း ပြောခဲ့သည်။

“အတင်းအကျပ် ဘာသာပြောင်းခိုင်းမှု ပြဿနာကို ကျွန်တော်တို့ အလေးထား ကိုင်တွယ်နေပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သတ်သည့် ဥပဒေကိုမူ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဆီကနေ ချီးကျူးမှု ရရေးအတွက် မဟုတ်ဘဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးအတွက်သာ ပုံဖော်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

အတင်းအကျပ် ဘာသာပြောင်းခိုင်းမှုများနှင့်စပ်လျဥ်းပြီး အသက်ကန့်သတ်ချက်တစ်ခု သတ်မှတ်မှုက အစ္စလမ်ဘာသာ၊ ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့နှင့် ဆန့်ကျင်နေသည့်အတွက် ယခုကိစ္စနှင့်ပတ်သက်သည့် ဥပဒေကို ဆန့်ကျင်နေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly