မြန်မာ့အရေး ဆွေးနွေးရန် အရှေ့တောင်အာရှသို့ ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်မည်

မြန်မာ့အရေး ဆွေးနွေးရန် အရှေ့တောင်အာရှသို့ ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်မည်

အောက်တိုဘာ ၁၇

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေခဲ့သည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်မှု တစိတ်တပိုင်းအဖြစ် လာမည့်အပတ်တွင် ထိုင်း၊ စင်္ကာပူနှင့် အင်ဒိုနီးရှားသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန်က ပြောသည်။

အဆိုပါ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၏ မူဝါဒအကြံပေးတစ်ဦးအဖြစ် ထမ်းဆောင်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒါရက်ခ် ချောလက်တ်က ဦးဆောင်လာမည် ဖြစ်ပြီး ထို ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်အတူ အင်ဒို-ပစိဖိတ်ဒေသနှင့် ဆက်နွယ်သည့် စိန်ခေါ်မှုများကို ဆွေးနွေးရန် ဂျပန်နိုင်ငံသို့လည်း ဝင်ရောက်မည်ဟု သိရသည်။

အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမေရိကန် အရာရှိများသည် ဒေသ တည်ငြိမ်မှုရှိရေးအပိုင်းတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍကို အားဖြည့်ပေးရန်နှင့် အမေရိကန်မဟာမိတ်များ၊ ပါတနာများနှင့်အကြား ပူးပေါင်းလုပ်ဆောင်မှုကို တိုးချဲ့ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ၎င်းတို့က မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် အမေရိကန်၏ ကတိပြုရပ်တည်ချက်ကို ထပ်လောင်း ပြောဆိုမည် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်စဲစေရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး နှင့် ဒီမိုကရေစီလမ်းကြောင်းဆီ မူလအတိုင်း ပြန်သွားနိုင်ရေးအတွက် စစ်အာဏာသိမ်းအုပ်စုအပေါ် ဖိအားပေးရန် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းထံတွင် “အရေးတကြီး တာဝန်ဝတ္တရားတစ်ရပ်” ရှိသည်ကို ၎င်းတို့က အလေးပေးပြောဆိုမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ချောလက်တ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာတွင် ရွေးကောက်ခံအရပ်သားအစိုးရဆီ အာဏာပြန်လွှဲရေး တောင်းဆိုသည့် လူထု ဆန္ဒပြမှုများကို အကြီးအကျယ် ပေါ်ပေါက်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required