ထိပ်သီးညီလာခံ၌ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ချန်ထားရန် အာဆီယံ ဆုံးဖြတ် 

ထိပ်သီးညီလာခံ၌ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ချန်ထားရန် အာဆီယံ ဆုံးဖြတ် 
Photo - AFP

အောက်တိုဘာ ၁၆

ယခုလအတွင်း ကျင်းပမည့် ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ဖယ်ချန်ထားရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက သောကြာနေ့၌ သဘောတူလိုက်ကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

စေ့စပ်ပြေလည်ရေးနှင့် ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ကိုင်စွဲသည့် အာဆီယံအနေဖြင့် ရှားရှားပါးပါး ပြတ်သားသည့် ရပ်တည်ချက်ပဲ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သော သွေးမြေကျသည့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် လွန်ခဲ့သည့် ငါးလက အာဆီယံနှင့် သဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်တပ်က ဖော်ဆောင်ရန် ပျက်ကွက်သည်ကို အရေးယူဆောင်ရန် အထူးအစည်းအဝေးတစ်ရပ်၌ နိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

နုနယ်သော ဒီမိုကရေစီခေတ် ဆယ်နှစ်တာကို နိဂုံးချုပ်စေခဲ့ကာ နိုင်ငံတကာ၏ ရှုတ်ချမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် အရေးယူခံရသော အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သား ၁၀၀၀ ကျော်ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအရ သိရသည်။ 

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား အောက်တိုဘာ ၂၆ မှ ၂၈ အထိ ခေါင်းဆောင်အကြီးအကဲများ၏ ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်း မပြုရန်နှင့် ယင်းအစား မြန်မာနိုင်ငံ၌ နိုင်ငံရေးနှင့် မပတ်သက်သူအား တက်ရောက်ရန် တိုက်တွန်းသွားမည်ဟု ယခု အစည်းအဝေး၌ ဆုံးဖြတ်ချက်ချ သဘောတူညီခဲ့ခြင်းနှင့် ပတ်သက်ကာ သိရှိသော သတင်းရင်းမြစ် ငါးရပ်က ပြောသည်။ 

သတင်းရင်းမြစ်နှစ်ရပ်က ရိုက်တာသို့ ပြောရာ၌ စစ်တပ်ကို လက်မခံရန် စီစဉ်ထားပြီး ထို ထိပ်သီးညီလာခံ၌ မြန်မာနေရာအား အလွတ်ထားမည်ဟု ဆိုသည်။ 

ထို အစည်းအဝေးတွင် မည်သည့်အကြောင်းကို ဆွေးနွေးဖြေရှင်းမည် ဆိုခြင်းအား အာဆီယံက တရားဝင် ထုတ်ပြန်ခြင်း မရှိဘဲ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်း ထုတ်ပြန်ချက်တစ်ရပ် စနေနေ့၌ ထွက်ရှိလာရန် ရှိသည်။ ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

ယခုကဲ့သို့ စစ်အစိုးရအား ဖယ်ချန်သည့် လုပ်ရပ်သည် အာဆီယံ၏ မကြာသေးသော သမိုင်း၌ မကြုံစဖူး လုပ်ရပ်လည်း ဖြစ်သည်။  

အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ဝင်ခွင့်ပေးရေးနှင့် အတိုက်အခံများနှင့် ဆွေးနွေးပွဲများ စတင်ရေးအတွက် သဘောတူထားမှုကို မြန်မာက ပျက်ကွက်နေခြင်းအတွက် တင်းတင်းမာမာ ရပ်တည်ရန် အာဆီယံအား နိုင်ငံတကာ ဖိအားပေးမှုများ ရှိနေသည်။ 

၁၉၉၇ ခုနှစ် အာဆီယံသို့ မြန်မာနနိုင်ငံ ဝင်ရောက်ချိန်မှစ၍ မြန်မာ့အရေးသည် အာဆီယံ၌ သဘောထား အကွဲလွဲဆုံး ဖြစ်နေပြီး အာဆီယံ၏ စည်းလုံးမှုနှင့် နိုင်ငံတကာ၏ ယုံကြည်ရမှုတို့အတွက် စမ်းသပ်ချက် ဖြစ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required