ကြို့ပင်ကောက် ရွာသုံးရွာ လျှပ်စစ်မီး ဖြတ်ခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်
14 October 2021
ကြို့ပင်ကောက် ရွာသုံးရွာ လျှပ်စစ်မီး ဖြတ်ခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်။

ပဲခူတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ အရှေ့ဘက်ရှိ အိမ်ခြေ ၂၀၀ ခန့် ရှိသော ကျေးရွာ ၃ ရွာကို မီတာခ ပေး ဆောင်ခြင်း မရှိ၍ဆိုကာ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်။

ထို ကျေးရွာ ၃ ရွာသည် လွန်ခဲ့သည့် တနှစ်ခန့်က ပြည်သူနှင့်အစိုးရ တဝက်စီကျခံ၍ လျှပ်စစ်မီးသွယ်ယူထားခြင်း ဖြစ်ပြီး ရွာသုံးရွာပေါင်း အိမ်ခြေ ၆၀၀ ခန့် ရှိသည့်အနက် ၃၀၀ ကျော်ခန့် မီးဖြတ်ခံထားရ၍ အခက်အခဲများ ဖြစ် နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ထက်ဝက်လောက်ကို မီးဖြတ်ထား စစ်သားတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေ ပေါင်းပြီးလာဖြတ်သွားတာ“ ဟု ဒေသ ခံတစ်ဦး က ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်သားများနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ ရွာများ၏ ထရန် စမော်မာကို လာပိတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

မီးအဖြတ်ခံရသော ကျေးရွာသုံးရွာမှာ ကြို့ပင်ကောက်မြို့ အရှေ့ဂုန်ညှင်းတန်းကြီးကျေးရွာ၊ ဘထိန်ဝင်ကျေးရွာ နှင့် ဖုန်းစိုးစုကျေးရွာတို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီတာခ မဆောင်ကြ၍ လျှပ်စစ်လုပ်ငန်းဝင်ငွေမရှိလျှင် စက်ရုံပိတ်ရခြင်းမျိုးဖြစ်လာနိုင်ကြောင်း အထူးသဖြင့် လျှပ်စစ်ကို အဓိကမှီခိုနေရသည့် မြို့ပြများအတွက် ထိခိုက်နိုင်သည်ဟု နားလည်ထားသော်လည်း ယခု ကျေးရွာ များ အထိပါ သက်ရောက်မှုရှိလာနေသည်ဟု စွမ်းအင်ကဏ္ဍ လေ့လာနေသူ တစ်ဦး က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် လစဉ် ပေး ဆောင်ရမည့် မီတာခများကို မဆောင်ကြပဲ ပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော် နေကြခြင်း ဖြစ်သည်။ သို့သော် မီတာခပေးဆောင်သူအချို့လည်း ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ က စတင်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ၏ ဝင်ငွေသည် ယခင်နှစ်က ထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များ IEM က ဇူလိုင်လ တွင် အစီရင်ခံစာ တစ်စောင်ထုတ်ပြန် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly