အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံလိုသူအားလုံးနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးရန် EU ပြော

အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံလိုသူအားလုံးနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်ပေးရန် EU ပြော

အောက်တိုဘာ ၁၃

အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံလိုသည့် လူပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်စေရေး စစ်ကောင်စီမှ ဆောင်ရွက်ပေးရန် ဥရောပသမဂ္ဂ (EU) က တောင်းဆိုလိုက်သည်။

ကနဦးကပင် အားလုံးပါဝင်ထားသော ဆွေးနွေးပွဲအစစ်အမှန်ကသာလျှင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ပေးစွမ်းနိုင်မည် ဖြစ်သည့်အပြင် EU မှလည်းပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ဥရောပသမဂ္ဂ (EU)က ယနေ့အောက်တိုဘာ ၁၃ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ရာတွင် အထူးသံသမန်နှင့် အပြုသဘောဆောင် ချိတ်ဆက်‌ ဆောင်ရွက်ရန်လည်း EUက ဆိုသည်။

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲဖြစ်စေရန် CRPH၊ NUG၊ တိုင်းရင်း သားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသောအခြားအင်အားစုများအပြင် ပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်းကိုလည်း EU ကပြောသည်။

ဥရောပသမဂ္ဂသည် အများပြည်သူ သေကြေပျက်စီးမှုနှင့် နေရပ်စွန့်ခွာမှုများအပြင် ထပ်မံပေါ်ပေါက်စေမည့် လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန် မြင့်တက်လာမှု နှင့်အတူ အာဏာသိမ်းစစ်တပ်၏ တပ်ဖြန့်ထားမှုများကြောင့် တိုက်ပွဲများ တိုးလာမည့်အ‌ရေးအပေါ်စိုးရိမ်ပူပန်ကြောင်းနှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားရန်လည်း ရေးသားထားသည်။

အလားတူ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်‌မြောက်လာစေရေး ဆောင်ရွက်ရန်နှင့် ပြည်သူအများစု၏ သဘောထားကို အလေးထားရန်လည်း တိုက်တွန်းထားသည်။

COVID-19 နှင့်ပတ်သက်သည့် အရေးပေါ်အကူအညီများအပါအဝင် လူသားချင်းစာနာမှု အထောက်အပံ့များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းကင်းနှင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည့်အတွက် လိုအပ်သည့်နေရာများဆီ အတားအဆီးမဲ့စွာ အကူအညီ အမြန်ရောက်ရှိ‌ေရးဆောင်ရွက်ပေးရန်လည်း EU က စစ်အာဏာပိုင်များကို တိုက်တွန်းထားသည်။

EU သည် အဆိုပါအကူအညီများ ပေးအပ်ရာတွင်လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံးအပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly