တရုတ်သမ္မတရှီကျင့်ဖျင်က ပြန်လည်ပေါင်းစည်းရေး ကတိပြုသော်လည်း အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဟု ထိုင်ဝမ်အစိုးရ တုံ့ပြန်

တရုတ်သမ္မတရှီကျင့်ဖျင်က ပြန်လည်ပေါင်းစည်းရေး ကတိပြုသော်လည်း အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဟု ထိုင်ဝမ်အစိုးရ တုံ့ပြန်

တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရန် သန္နိဋ္ဌာန်ပြုပြီးနောက် ထိုင်ဝမ်အစိုးရက ၎င်းတို့ကျွန်းသည် လွတ်လပ်သောနိုင်ငံဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိတ်အပိုင်း မဟုတ်ကြောင်း အောက်တိုဘာ၉ရက်တွင် တုံ့ပြန်လိုက်သည်။

ထိုင်ဝမ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဇေဗီယာချန်ကထိုင်ဝမ်သည်အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်ကြောင်းနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အစိတ်အပိုင်းမဟုတ်ကြောင်း၊တိုင်းပြည်၏အနာဂတ်သည်ထိုင်ဝမ်လူမျိုးများ၏လက်ထဲတွင်ရှိကြောင်းပြောခဲ့သည်ဟု Taiwan News ၌ဖော်ပြသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က အောက်တိုဘာ၉ရက်အစောပိုင်းတွင် ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကြိုးပမ်းသွားမည်ဟုကတိပြုခဲ့ပြီး ၎င်းကိစ္စတွင် မည်သည့်နိုင်ငံခြားစွက်ဖက်မှုကိုမဆို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အခိုင်အမာ ပြောကြားပြီး နောက် ထိုင်ဝမ်ဘက်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ “ထိုင်ဝမ်ပြဿနာဟာ တရုတ်ပြည်တွင်းရေးသာဖြစ်ပြီးတော့ မည်သည့်ပြင်ပစွက်ဖက်မှုကိုမဆို ခွင့်ပြုမှာမဟုတ်ဘူး” ဟုသမ္မတရှီကျင့်ဖျင်က ရှင်ဟိုင်းတော်လှန်ရေး နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ္မတရှီ၏ မှတ်ချက်ကို တုံ့ပြန်သည့်အနေနှင့် ချန်က “ ၁၉၁၁ ခုနှစ် ရှင်ဟိုင်းတော်လှန်ရေးနောက်ပိုင်း ဒီမိုကရေစီနိုင်ငံ ထူထောင်ခဲ့တာဖြစ်ပါတယ်။ အထက်အမိန့်ဩဇာကိုနာခံတဲ့ အာဏာရှင်စနစ်မဟုတ်ပါဘူး။ တရုတ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရဲ့လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကိုနှစ်ပေါင်း ၅၀ ထိန်းသိမ်းဖို့ ကတိကိုစွန့်လွှတ်လိုက်လိုက်ပြီဆိုတာ ဟောင်ကောင်ရဲ့လက်ရှိအခြေအနေက သက်သေပြနေပါတယ်” ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း Taiwan News ကဖော်ပြသည်။

ပြောရေးဆိုခွင့်ရှိသူချန်က ဟောင်ကောင်အပေါ် တရုတ်၏ကိုင်တွယ်ပုံသည် “တစ်နိုင်ငံစနစ်နှစ်မျိုး” မဖြစ်နိုင်ကြောင်း သက်သေပြနေသည်ဟုလည်း ပြောသည်။

ထိုင်ဝမ်၌လက်ရှိလူထုသဘောထားသည် အလွန်ရှင်းကြောင်း၊ ထိုင်ဝမ်လူမျိုးများသည် တစ်နိုင်ငံစနစ်နှစ်မျိုးကိုငြင်းပယ်ကြောင်းနှင့် ၎င်းတို့၏ဒီမိုကရေစီနှင့် လွတ်လပ်သောလူနေမှုဘဝကို ကာကွယ်သွားမည်ဖြစ်ကြောင်း ချန်၏ပြောဆိုချက်ကို Taiwan News ကကိုးကားဖော်ပြခဲ့သည်။

တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်သည် နှစ်ပေါင်း၇၀ကျော်ကြာ သီးခြားစီအုပ်ချုပ်ခဲ့ကြသော်လည်း တရုတ်ပြည်မကြီး၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းအလွန်လူဦး ရေ ၂၄ သန်းနီးပါးနေထိုင်သော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်အပေါ်တရုတ်က အချုပ်အခြာအာဏာ အပြည့်အဝပိုင်ဆိုင်ကြောင်း အခိုင်အမာပြောထားသည်။

ထိုင်ဝမ်သည်အခြားတစ်ဖက်တွင် တရုတ်ကအကြိမ်ကြိမ်အတိုက်အခံလုပ်နေသော အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက်ဆက်ဆံမှုများ တိုးမြှင့်ခြင်းဖြင့် တရုတ်၏ရန်လိုမှုကို ကြုံတွေ့နေရသည်။ ထိုင်ဝမ်၏လွတ်လပ်ရေးသည် “စစ်ပွဲ” ဟုအဓိပ္ပါယ်သက်ရောက်ကြောင်း တရုတ်ကခြိမ်းခြောက်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည်ဇွန်လ ၁ ရက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးပြီးမြောက်ရန် ကတိပြုခဲ့သလို ကျွန်းအတွက် တရားဝင်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကိုလည်း ချေမှုန်းမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly