တရုတ်ကို ဦးညွှတ်ရန် တွန်းအားပေးခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် ပြော

တရုတ်ကို ဦးညွှတ်ရန် တွန်းအားပေးခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် ပြော

ထိုင်ဝမ်အတွက်လွတ်လပ်မှုနှင့် ဒီမိုကရေစီကိုမပေးစွမ်းနိုင်သော တရုတ်အစိုးရက ချမှတ်သည့်လမ်းစဉ်ကို လက်သင့် ခံရန် မည်သူကမျှ ထိုင်ဝမ်ကိုတွန်းအားမပေးနိုင်ရေး ၎င်း၏ကာကွယ်ရေးကဏ္ဍကို ဆက်လက်မြှင့်တင် သွားမည်ဟုထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က အောက်တိုဘာ ၁၀ ရက်ကပြောကြားခဲ့သည်။

တရုတ်၏ပိုင်နက်အဖြစ် သတ်မှတ်ခံထားရသောထိုင်ဝမ်သည် ၎င်းတို့၏ လေကြောင်းကာကွယ်ရေး အမှတ်အသားဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ်များထပ်တလဲလဲကျူးကျော်မှုအပါအဝင် တရုတ်၏ စည်းမျဉ်းများကိုလိုက်နာရန် အင်အားကြီးလာသောစစ်တပ်နှင့် နိုင်ငံရေးဖိအားအောက်တွင် ရောက်ရှိနေသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် “ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး” ကိုဖြစ်မြောက်အောင်လုပ်ရန် အောက်တိုဘာ ၉ ရက်ကသန္နိဋ္ဌာန်ပြုခဲ့ပြီးအင်အားသုံးခြင်းကိုမူတိုက်ရိုက် မပြောဆိုခဲ့ပေ။

သို့သော် ထိုင်ဝမ်က ၎င်းတို့အနာဂတ်ကို ၎င်းတို့ပြည်သူများကသာ ဆုံးဖြတ်နိုင်သည်ဟု ရှီအား ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

အမျိုးသားနေ့စုဝေးပွဲမိန်းခွန်းပြောကြားရာတွင် ဆိုင်အင်ဝမ်က ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တင်းမာမှုများလျော့ပါးစေရန် မျှော်လင့်ကြောင်းနှင့် ထိုင်ဝမ်အနေဖြင့် မဆင်မခြင် ပြုမူမည်မဟုတ်ကြောင်း ပြောခဲ့သည်။

“ဒါပေမယ့် ထိုင်ဝမ်ပြည်သူတွေဟာဖိအားတွေကို အလျှော့ပေးမယ်ဆိုတဲ့ အတွေးမှားတွေ လုံးဝမရှိသင့်ပါဘူး” ဟု တိုင်ပေမြို့လယ်ရှိ သမ္မတရုံးအပြင်ဘက်၌ မိန့်ခွန်းပြောခဲ့သည်။

“တရုတ်ချမှတ်တဲ့လမ်းစဉ်လိုက်နာဖို့ ထိုင်ဝမ်ကိုဘယ်သူကမှ တွန်းအားမပေးနိုင်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အမျိုးသားကာကွယ်ရေးကို ဆက်လက်မြှင့်တင်ပြီးစိတ်ဓာတ်ကြံ့ခိုင်မှုကိုပြသသွားပါမယ်။ ဘာလို့လဲဆိုတော့ တရုတ်ချမှတ်တဲ့လမ်းစဉ်ဟာထိုင်ဝမ်အတွက် လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်း မကျသလို ကျွန်မတို့လူဦးရေ ၂၃ သန်းအတွက် အချုပ်အခြာအာဏာ သုံးပိုင်ခွင့်လည်းမရှိပါဘူး” ဟုဆိုင်အင်ဝမ်ကထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly