အိန္ဒိယတွင် လူမဆန်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် လူခုနှစ်ဦးကို သေဒဏ်ချမှတ်

အိန္ဒိယတွင် လူမဆန်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် လူခုနှစ်ဦးကို သေဒဏ်ချမှတ်

နယူးဒေလီ၊ ဒီဇင်ဘာ ၂၂ ။            ။ ဖေဖော်ဝါရီလက နီပေါအမျိုးသမီးတစ်ဦးကို လူမဆန်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှုဖြင့် အမျိုးသားခုနှစ်ဦးကို အိန္ဒိယရှိ တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်။ အသက် ၂၈နှစ်အရွယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရသူမှာ စိတ်ကျဝေဒနာခံစားနေရသူဖြစ်ပြီး မြောက်ပိုင်းရှိ ဟာရီယာနာပြည်နယ်တွင် ပျောက်ဆုံးချိန်အထိ ကုသမှုခံယူနေရသူဖြစ်သည်။

ပျောက်ဆုံးပြီးနောက် သုံးရက်အကြာတွင် ကွင်းတစ်ခုတွင် ၎င်း၏အလောင်းကို တွေ့ရှိခဲ့သည်။ အလောင်းအား စစ်ဆေးမှုများအရ သူမသည် အုပ်စုဖွဲ့မုဒိမ်းကျင့်ခံပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံထားရ သည်ကိုသိရှိခဲ့သည်။ အမျိုးသမီးတရားသူကြီးက ပြည်သူထံသို့ ပြင်းပြသည့် သတင်းစကားပါးလိုသည်ဟု ပြောကြားခဲ့သည်။

"ဒီအမှုမှာ စွပ်စွဲခံရသူအားလုံးကို ကျမသေဒဏ်ပေးပါတယ်။ နောက်ပြီး သူတို့ကို မသေမချင်းကြိုးကွင်းစွပ် သတ်ရပါလိမ့်မယ်"ဟု တရားသူကြီး ဆီးမာဆင်ဂါးလ်က ပြောကြားခဲ့သည်ဟု ဟင်ဒူစတန်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။" တရားရေးအရာတစ်ဦးဖြစ်တဲ့အပြင် ကျမဟာ လူသားတစ်ဦးလည်းဖြစ်ပါတယ်။ မတရားခံရသူရဲ့ နာကျင်စွာအော်ဟစ်သံတွေကို ကျမကြားနိုင်ပါတယ်" ဟု ၎င်းကထပ်မံပြော သည်။

ရှစ်ဦးမြောက်ကျူးလွန်သူမှာ လူကြီးအဖြစ်မသတ်မှတ်သေးရသူတစ်ဦးဖြစ်ကာ သက်ဆိုင်ရာတရားရုံးတစ်ခုတွင် စစ်ဆေးလျက်ရှိသည်။ ကိုးဦးမြောက် သံသယရှိသူမှာ ဖမ်းဆီးခံရပြီးမကြာမီ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ သေဆုံးခဲ့သူသည် မုဒိမ်းကျင့်သတ်ဖြတ်မခံရမီ လအနည်းငယ်က ညီအစ်မဖြစ်သူနှင့် အတူနေထိုင်ရန် ဟာရီယာနာပြည်နယ်ရှိ ရိုတက်မြို့သို့သွားရောက်နေခဲ့ပြီး ဒေသခံဆေးရုံတစ်ခုတွင် စိတ်ကျရောဂါအတွက် ကုသမှုခံယူနေရခဲ့သည်။

၎င်း၏ အလုပ်တာဝန် ၂၉ နှစ်တာကာလအတွင်း ယင်းကဲ့သို့ ယုတ်မာပက်စက်သည့်အမှုမျိုးတစ်ခါမျှ တွေ့မြင်ခဲ့ခြင်းမရှိကြောင်း အလောင်းကို စစ်ဆေးခဲ့သူ ဆရာဝန်က အိန္ဒိယ၏ NDTV ရုပ်သံသို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly