ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအခြေအနေကို မီဒီယာများအား သတင်း မထုတ်ပြန်ရန် ဖိအားပေးခံရခြင်း မျိုးမရှိကြောင်း ရှေ့နေဦးကြည်ဝင်းပြော

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအခြေအနေကို မီဒီယာများအား သတင်း မထုတ်ပြန်ရန် ဖိအားပေးခံရခြင်း မျိုးမရှိကြောင်း ရှေ့နေဦးကြည်ဝင်းပြော
File Photo: AFP

အောက်တိုဘာ ၁၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုများနှင့်ပတ်သက်၍ သူမ၏ ကျန်းမာရေးအခြေအနေအပါအဝင် ရုံးချိန်း အခြေအနေများကို မီဒီယာများအား သတင်းမထုတ်ပြန်ရန် ဖိအားပေး ပိတ်ပင် ထားခံရခြင်း မရှိကြောင်း ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အသက် ၇၆ နှစ်အရွှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှု ၁၁ မှုဖြင့်တရား ရင်ဆိုင်နေရကာ ယင်းအမှုများ၏ ရုံးချိန်းအခြေအနေများကို ပုံမှန် သတင်းထုတ်ပြန် ဖြေကြားပေးနေသော သူမ၏ ရှေ့နေ အဖွဲ့ဝင် ဦးခင်မောင်ဇော်၏ ကျန်းမာရေးအခြေအနေအရ သတင်းမထုတ်ပြန်နိုင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်း အခြေအနေများအား ရှေ့နေအဖွဲ့က သတင်းထုတ်ပြန်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။

“ ကျွန်တော်တို့ရှေ့နေအဖွဲ့မှာက ခေါင်းဆောင်ဆိုတာမျိုးမရှိဘူး။ အားလုံးစုစု စည်းစည်းနဲ့ဆောင်ရွက် နေကြတာမျိုးပါ။ အခုက သတင်းမထုတ်ပြန်တော့ဘူး ဆိုတာ ဘာမှ ဖြစ်တဲ့ ဟာမဟုတ်ဘူး။ ဦးခင်မောင်ဇော်ရဲ့ ကျန်းမာရေးအခြေ အနေကြောင့်လို့ သိရပါတယ်။ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုမှု မလုပ်ဖို့ ဖိအားပေးခံရတာမျိုးတော့ မရှိပါဘူး။” ဟု ရှေ့နေအဖွဲ့ဝင် ဦးကြည်ဝင်း က ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းစဉ် ဖေဖော်ဝါရီလမှစတင်၍ အွန်လိုင်းစနစ်အပြင် လူတွေ့ရုံး ထုတ်ခြင်းများဖြင့် ရုံးထုတ်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၇ ရက်ရုံးချိန်း မတိုင်မီအထိ ရှေ့နေများဘက်က ပုံမှန် သတင်း ထုတ်ပြန်ဖြေကြားပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required