NUCC အကြောင်း ပြည်သူလူထုအား အမြန်ဆုံးအသိပေးရန် အရပ်ဘက် လူထုအင်အားစုများအဖွဲ့ တောင်းဆို

NUCC အကြောင်း ပြည်သူလူထုအား အမြန်ဆုံးအသိပေးရန် အရပ်ဘက် လူထုအင်အားစုများအဖွဲ့ တောင်းဆို

အောက်တိုဘာ ၉

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council- NUCC) ကို ဖွဲ့စည်းပြီး ခြောက်လကျော်ကြာလာသည် အထိ ၎င်း၏လုပ်ငန်းစဉ် အဆင့်များ၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများနှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခြင်းများ၊ NUCC ထပ်တိုး ဖွဲ့စည်းမှုများ၊ တော်လှန်ရေးအတွက် တိုင်ပင် လုပ်ဆောင်နေမှုများကို မသိရသေးသည့်အတွက် NUCC အကြောင်း အများပြည်သူကို အမြန်ဆုံးအသိပေး တင်ပြပေးရန် အရပ်ဘက် လူထုအင်အားစုများအဖွဲ့ (MM Spring) က တောင်းဆိုလိုက်သည်။

အရပ်ဘက်အင်အားစုများအဖွဲ့က အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် အချက် ရှစ်ချက်ပါရှိသည့် စာတစ်စောင်ကို NUCC ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့ ပေးပို့ကာ စုဖွဲ့မှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

NUCC သည် မြန်မာ့နွေဦးတော်လှန်ရေးအတွက် သာမက တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ရပ် ဖြစ်ထွန်းရေးအတွက် လွန်စွာအရေးပါသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ဖက်ဒရယ်ပဋိဉာဉ်ပါ စံတန်ဖိုးတစ်ရပ်ဖြစ်သော "စုပေါင်းခေါင်းဆောင်ခြင်း" ကို လက်တွေ့ဖော်ဆောင်ရန် နိုင်ငံရေးအရ တရားဝင်မှုနှစ်မျိုး( ရွေးကောက်ပွဲအရ တရားဝင်မှု နှင့် လက်တွေ့အရ တရားဝင်မှု ) ကို ပေါင်းစပ်ထားသော နိုင်ငံရေး ဦးဆောင်မှုပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း MM Spring အဖွဲ့၏ ပေးပို့စာတွင် ဖော်ပြထားသည်။

NUCC အနေဖြင့် သတင်းအချက်အလက် ထုတ်ပြန်မှု မပြုခြင်း၊ ပြည်သူလူထုနှင့် ဆက်ဆံ ဆက်သွယ်မှု မပြုခြင်းကြောင့် တော်လှန်ရေးတွင် NUCC ၏ အခန်းကဏ္ဍအပေါ် မရှင်းလင်းမှုများ ဖြစ်ပေါ်စေပြီး NUCC တွင် ဆွေးနွေး ဖြည့်စွက် ပြင်ဆင်နေသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်၏ လက်ရှိ ဆွေးနွေးမှုရလဒ် အခြေအနေများကို အသိပေးကာ ပြည်သူများ၏ သဘောထားများ ထင်ဟပ်နိုင်ရေး လုပ်ဆောင်ရန် လွန်စွာအရေးကြီးကြောင်း MM Spring အဖွဲ့က တောင်းဆိုစာတွင် ထောက်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို NUCCအတွင်း ဆွေးနွေးညှိနှိုင်းကာ CRPH၏ အတည်ပြုမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NUCC သည် ၎င်းတို့လုပ်ဆောင်နေသည့် အရေးကြီးလုပ်ငန်းစဉ်များကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲအား အောက်တိုဘာလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့၏ ဆောင်ရွက်မှုများ အချိန်မီမပြီးစီး၍ သတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းခဲ့သည်။

MM Spring အဖွဲ့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အရပ်ဘက်လူထုအဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ရေး အခြေခံမူဖြင့် စုဖွဲ့ထားသည့် အင်အားစုဖြစ်ပြီး လူမျိုးစုဒေသ အသီးသီးရှိ အရပ်ဘက်လူထုအဖွဲ့အစည်းများက ပညာရပ်ဆိုင်ရာ မတူညီသည့် နယ်ပယ်များရှိ လူပုဂ္ဂိုလ် ၈၀ ဦးခန့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly