ရဲတပ်ဖွဲ့ဝင်များ CDM ဝင်ရန် ရဲစခန်းကို မိုင်းခွဲ သတိပေး

ရဲတပ်ဖွဲ့ဝင်များ CDM ဝင်ရန် ရဲစခန်းကို မိုင်းခွဲ သတိပေး

အောက်တိုဘာ ၉

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ နှစ်ကရင် ကျေးရွာရှိ နှစ်ကရင်ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်က ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲကာ ယင်းစခန်းမှ ရဲများ အချိန်မီ CDM ပြုလုပ်ရန် သတိပေးလိုက်‌ကြောင်း သိရသည်။

နှစ်ကရင် ရဲစခန်းကို ယနေ့ အောက်တိုဘာ ၉ရက် ညနေ ၅နာရီ ၂၅မိနစ် အချိန်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်များ ဖြစ်သည့် ရေးပြည်သူ့ကာကွယ်ရေးတပ် ( YPDF )နှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( TPDF ) တို့ ပူးပေါင်းပြီး မိုင်းဖောက်ခွဲခဲ့သည်ဟု ယနေ့ညပိုင်းတွင် YPDFက သတင်းထုတ်ပြန်သည်။

“ ရဲတွေကို CDM ဝင်ဖို့သတိပေးတဲ့အနေနဲ့ ချိန်ကိုက်ဖောက်ခွဲခဲ့တာပါ။ နှစ်ကရင်ရဲစခန်း နောက်ဖက်ဝင်ပေါက်နားမှာ ဖောက်ခွဲခဲ့တာပါ။ ချိန်ကိုက် မိုင်းတစ်လုံးထဲပါပဲ။ အဲစခန်းက အရင်လထဲက CDM ဝင်ဖို့ ဆက်သွယ်လာတာမျိုးရှိတယ်။ အခုပျောက်နေလို့ သတိပေးတဲ့အနေပါ " ဟု ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)မှ ဗိုလ်ရန်နိုင်ကမဇ္ဈိမ သတင်းဌာနကို ပြောသည်။

မိုင်းဖောက်ခွဲမှုအပြီးတွင် နှစ်ကရင်ရဲစခန်းအရှေ့ဖက်ခြမ်းရှိ ဘုရားကုန်းရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ကြောင်း သိရသည်။

အဆိုပါ နှစ်ကရင်ရဲစခန်းမှ ရဲများသည် လွန်ခဲ့သည့် တစ်ပတ်ခန့်က ပညာရေး CDM ဝန်ထမ်း နှစ်ဦးကိုဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ်သိန်းငါးဆယ်နှင့် ရွေးရန် ပြောခဲ့ကြောင်း သိရသည်။

သို့သော် ယင်းကျေးရွာရှိ စစ်ကောင်စီတပ်မှ ကိုးကွယ်သည့် ဘုန်းကြီးက ရဲစခန်းသို့ လာရောက် ညှိုနှိုင်းပေး၍ CDMများကို ပြန်လွှတ်‌ပေးလိုက်သည်ဟု ဗိုလ်ရန်နိုင်က ပြောသည်။

ရေးမြို့နယ်အတွင်းရှိ (၃၁၇) အမြှောက်တပ်ရင်းမှ ဗိုလ်ရဲနောင်ကို လွန်ခဲ့သည့် သုံးလဝန်းကျင်တွင် YPDFက သုတ်သင်နိုင်ခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly