Pandora Papers ပေါက်ကြားမှုတွင် ပါကစ္စတန်မှ မီဒီယာလုပ်ငန်းရှင်များ၊ စစ်တပ်အမှုထမ်းများ၏ မိသားစုများနှင့် စီးပွားရေးသမားများ၏ အမည်များ ပါဝင်

Pandora Papers ပေါက်ကြားမှုတွင် ပါကစ္စတန်မှ မီဒီယာလုပ်ငန်းရှင်များ၊ စစ်တပ်အမှုထမ်းများ၏ မိသားစုများနှင့် စီးပွားရေးသမားများ၏ အမည်များ ပါဝင်

နိုင်ငံတကာမှ စုံစမ်းဖော်ထုတ်ရေးသားသူ ဂျာနယ်လစ်များ ပူးပေါင်းအဖွဲ့ (ICIJ) က ထုတ်ပြန်ခဲ့သည့် Pandora Papers လျှို့ဝှက်ပိုင်ဆိုင်မှုများ ပေါက်ကြားမှုတွင် ပါကစ္စတန်မှ မီဒီယာဂရု(ပ်) ပိုင်ရှင်များမှစပြီး စစ်တပ်အမှုထမ်းများ၏ မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှုဆောင်အရာရှိများအထိ ပါဝင်နေသည့် ပါကစ္စတန်နိုင်ငံသားများ၏ အမည်များကို ဖော်ပြထားခဲ့သည်။ Pandora Papers သည် ကမ္ဘာတဝန်း ထင်ပေါ်မှု ရှိသည့် လူပုဂ္ဂိုလ်များ၏ ငွေကြေးပိုင်ဆိုင်ထိန်းသိမ်းထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သည့် အဓိက နိုင်ငံတကာ စုံစမ်းလေ့လာချက်တစ်ခု ဖြစ်သည်။

အဆိုပါ ဖွင့်ချမှုကို အောက်တိုဘာ ၃ ရက်က ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး ယင်းတွင် ပါဝင်နေသည်ဟု ထုတ်ဖော်သိရှိထားပြီးဖြစ်သည့် အမည်များထဲတွင် လက်ရှိ ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ရှောကက် တာရင် နှင့် ဆိနိတ်တာ ဖိုင်ဆယ် ဗောဒါ တို့ အပါအဝင် PTI ဦးဆောင်သော အစိုးရအဖွဲ့မှ လူသိများသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ထားခဲ့သည်။

အဆိုပါ Pandora Papers စာတမ်းတွင် ပါကစ္စတန်မှ လူပုဂ္ဂိုလ် ၇၀၀ ခန့်၏ အမည်များ ပါဝင်ထားကြောင်း သုတေသနတွင် ပါဝင်ခဲ့ကြသည့် စုံစမ်းဖော်ထုတ်ရေးသားသည့် ဂျာနယ်လစ်များဖြစ်ကြသည့် အူမာ ချီးမားနှင့် ဖက်ခါ ဒါရန်နီ တို့က The News International ကို ပြောသည်။

အောက်တိုဘာ ၄ ရက်တွင် ဖော်ပြထားခဲ့သည့် The News ၏ သတင်းတစ်ပုဒ်အရ Jang group ၏ အယ်ဒီတာချုပ် မီအာ ရှာကီလာ ရာမန် ၊ Dawn စီအီးအို ဟာမိဒ် ဟာရွန်း နှင့် Express Media Group စီအီးအို ဆူလ်တန် အလီ လက်ခါနီ တို့သည် ပြည်ပ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ ပိုင်ဆိုင်ထားသည်ဟု သိရသည်။

အလားတူ ယခင်စစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အမည်များလည်း Pandora Papers တွင် ပါရှိနေသည်ဟု The News က ဖော်ပြသည့် သတင်းတစ်ပုဒ်အရ သိရသည်။

အဆိုပါ သတင်းအရ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခါလစ်ဒ် မက်ခ်ဘူးလ်၏ သားမက်ဖြစ်သည့် အာရှ်ဆန် လက်တစ်ဖ်သည် Dylan Capital Limited အမည်ရ ပြည်ပ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ထားပြီး ယင်းကို ဗြိတိန် ဗာဂျင်းကျွန်းစု (BVI) ၏ စီရင်ပိုင်ခွင့်အောက်တွင် မှတ်ပုံတင်ထားခြင်း ဖြစ်သည်။

ထို့ပြင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မူဟာမက်ဒ် အက်ဖ်ဇယ်လ် မူဇာဖာ၏ သားဖြစ်သည့် မူဟာမက်ဒ် ဟက်ဆန် မူဇာဖာသည် BVI တွင် စာရင်းသွင်းထားသည့် Creek Growth Capital Holding Ltd တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်ဟု Pandora Papers က ဖွင့်ချထားသည်။

ယင်းအပြင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး တန်ဗီအာ တဟီအာ၏ ဇနီး ဇာဟရာ တန်ဗီအာသည် BVI ၏ စီရင်ပိုင်ခွင့်အောက်တွင် Ener Plastic Limited ဆိုသည့် ပြည်ပမှတ်ပုံတင် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ဖွင့်ချခံထားခဲ့ရသည်။

အလားတူ Peshawar Zalmi franchise လုပ်ငန်း၏ ပိုင်ရှင် ဂျာဗက်ဒ် အေဖရီဒီသည်လည်း ပြည်ပမှတ်ပုံတင် ကုမ္ပဏီသုံးခုကို ပိုင်ဆိုင်ထားသည်ဟု Pandora Papers ထုတ်ဖော်ချက်များအရ သိရသည်။ ယင်းတို့က Old Trafford Properties Ltd ၊ Sutton Gas Works Properties Ltd နှင့် Gas Works Property Ltd တို့ ဖြစ်ကြသည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီများ ပိုင်ဆိုင်ကြောင်းကို ဂျာဗက်ဒ်က အတည်ပြုခဲ့ပြီး ယင်းတို့ကို ပေါင်းစည်းထားခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းက “အခွန်ရှောင်ရန်ထက် အခွန်သက်သာစေလိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်” အတွက် ဖြစ်ကြောင်း ပြောခဲ့သည်ဟု The News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly