ပါကစ္စတန် JUI ပါတီခေါင်းဆောင်ဟောင်း မက်ဖ်တီ အေဇစ်နှင့် သားများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ခံရ

ပါကစ္စတန် JUI ပါတီခေါင်းဆောင်ဟောင်း မက်ဖ်တီ အေဇစ်နှင့် သားများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ခံရ

ပါကစ္စတန်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Jamiat Ulema-e-Islam (JUI) ပါတီ၏ ခေါင်းဆောင်ဟောင်း မက်ဖ်တီ အေဇစ်ဇာ ရာမန် နှင့် ၎င်း၏ သားငါးဦးတို့ကို မွတ်ဆလင် ဘာသာရေးကျောင်း၌ ကျောင်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ခရိုင်တရားရုံးတစ်ခုက အောက်တိုဘာ ၄ ရက်တွင် စွဲချက်တင်ခဲ့သည်။

ဘာသာရေးခေါင်းဆောင် မက်ဖ်တီ အေဇစ်ဇာ ရာမန်နှင့်အတူ ၎င်း၏ သားများဖြစ်ကြသည့် အက်တော ရာမန်၊ အက်တီခါ ရာမန်၊ လက်တီဖာ ရာမန် ၊ အယ်လ်တာဖာ ရာမန် နှင့် ဝါဆီအာ ရာမန် တို့က ယခုအမှုတွင် ၎င်းတို့ထံ၌ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြပြီး တရားရုံးကြားနာစစ်ဆေးမှုတွင် ခုခံထွက်ဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။

ခရိုင်တရားရုံး တွဲဖက်တရားသူကြီး ရာနာ ရာရှစ်ဒ် အလီက ယခုအမှုကိစ္စနှင့်ပတ်သက်ပြီး တရားလိုပြ သက်သေများကို အောက်တိုဘာ ၁၈ ရက်တွင် တင်သွင်းရန် ရဲတပ်ဖွဲ့ကို ပြောခဲ့သည်။

မက်ဖ်တီ အေဇစ်သည် ဖမ်းဆီးခံရပြီးနောက် ၎င်း၏ အာမခံလျှောက်ထားမှုကို ရာဇဝတ်တရားသူကြီးတစ်ဦးက ပယ်ချခဲ့သည့်အတွက် လက်ရှိအချိန်တွင် ထိန်းသိမ်းခံထားရသည်။ ၎င်း၏ သားများမှာမူ အာမခံဖြင့် လွတ်နေခဲ့သည်။

မက်ဖ်တီသည် ရာဇဝတ်တရားသူကြီးထံ၌ ၎င်း၏ အာမခံလျှောက်ထားမှု ပယ်ချခံရပြီးနောက် ခရိုင်တရားရုံးသို့ နောက်ထပ် အာမခံလျှောက်ထားမှု ထပ်မံလုပ်ဆောင်ခဲ့ပြီး ယင်းအသနားခံမှုအတွက် ဆုံးဖြတ်ချက် ထွက်မလာသေးပေ။

မြောက်ပိုင်းနယ်မြေ ရဲဌာနသည် ဂျမ်မီရာ မန်ဇူရူလ် အစ္စလမ် ဘာသာရေးကျောင်း၏ ကျောင်းသား ဆာဘီရာ ရှား၏ တိုင်ကြားချက်ကြောင့် မက်ဖ်တီ ရာမန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ပြစ်မှုဆိုင်ရာ ခြိမ်းခြောက်မှု စွဲချက်များနှင့်ပတ်သက်ပြီး ကနဦး သတင်းအစီရင်ခံစာကို စာရင်းသွင်းထားခဲ့သည်။ ကျောင်းသား ဆာဘီရာ ရှားသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ဗီဒီယိုကလစ်တစ်ခုကို သက်သေအဖြစ် ရဲဌာနနှင့် ကျောင်းစီမံခန့်ခွဲမှုအဖွဲ့တို့ထံ တင်ပြထားသည်။

၎င်း၏ တိုင်ကြားချက်ထဲတွင် ၎င်းနှင့် အခြားကျောင်းသားတစ်ဦးတို့ကို အစ္စလမ် ကျမ်းစာသင်ကျောင်း ဖက်ဒရေးရှင်း၏ စာမေးပွဲများတွင် ခိုးချဖြေဆိုထားသည်ဆိုသည့် စွဲဆိုချက်များဖြင့် ရာမန်က ကျောင်းကနေ ထုတ်ပယ်ထားခဲ့သည်ဟု ဆိုသည်။ ယင်းနောက် စာသင်ကျောင်းတွင် ၎င်း၏ အမည် ပြန်ပါလာစေရန်အတွက် ဘာသာရေးခေါင်းဆောင် ရာမန်က ၎င်းအား လိင်ပိုင်းဆိုင်ရာ ပြုမူကျူးလွန်ရန် ဆန္ဒရှိခဲ့ကြောင်း၊ ၎င်းအနေဖြင့် ရွေးချယ်စရာ မရှိခဲ့ဘဲ ၎င်း၏ တောင်းဆိုမှုကို လိုက်လျောခဲ့ရကြောင်း ကျောင်းသား ဆာဘီရာက ပြောသည်။

တစ်ဘက်တွင်လည်း ဘာသာရေးခေါင်းဆောင် ရာမန်က ၎င်းအပေါ် စွပ်စွဲမှုများက အလိမ်အညာဖြစ်ပြီး မှန်ကန်မှု မရှိဟု တုံ့ပြန်ခဲ့သည်။ တရားလိုဖြစ်သူသည် ဘာသာရေးကျောင်း၌ ၎င်း၏ အတိုက်အခံများနှင့်အကြား လက်ဝါးချင်းရိုက် ပေါင်းကြံခဲ့ခြင်းသာ ဖြစ်ကြောင်း ရာမန်က ပြောသည်။ ထို့ပြင် သက်သေတင်ထားသည့် ဗီဒီယိုသည်လည်း လိမ်ညာပြုပြင်ထားသည့် ဗီဒီယိုသာဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly