မြောင်မြို့နယ်တွင် PDF များကို လက်နက်ထောက်ပံ့သည်ဟု စွပ်စွဲပြီး သံဃာ ၆ ပါးကို စစ်တပ်ဖမ်းဆီး

By မဇ္ဈိမ
08 October 2021
မြောင်မြို့နယ်တွင် PDF များကို လက်နက်ထောက်ပံ့သည်ဟု စွပ်စွဲပြီး သံဃာ ၆ ပါးကို စစ်တပ်ဖမ်းဆီး

အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ၊ မင်းတန်းကျေးရွာရှိ စံပယ်ရုံဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ခြောက်ပါးအား PDF များကို လက်နက် ထောက်ပံ့နေသည်ဟု အာဏာသိမ်းစစ်တပ်က စွပ်စွဲကာ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“PDF တွေဆီကို ဘုန်းကြီးက ကားနဲ့ လက်နက်တင်ပို့တယ်ဆိုပြီးတော့ အတိုင်ခံရတာတဲ့။ ပြီးတော့ Non- CDM တွေကိုလည်း ခြိမ်းခြောက်တယ်ဆိုပြီးတော့ အတိုင်ခံရတာ။ မနေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာ။ အဆက်သွယ်လည်းမရကြသေးဘူး” ဟု ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စံပယ်ရုံဘုန်းကြီးကျောင်းက ဖမ်းဆီးခံရသည့် သံဃာများအနက် တစ်ပါးမှာ ကျန်းမာရေးမကောင်းဟု ဒေသခံများက ပြောသည်။

“ဆရာတော် ခြောက်ပါးမှာ ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ မြို့တွေမှာ စာသင်၊ စာချတဲ့ ဆရာတော် ငါးပါးက လည်း ရွာပြန်ရောက်နေတာ။ အဲဒီဆရာတော်တွေအားလုံးကို ဖမ်းခေါ်သွားတာ။ ဆရာတော်တစ်ပါးကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ဆေးရုံက ဆင်းလာတာ။ အစာအမာတွေတောင် မစားနိုင်သေးဘူး။ အဲဒီဘုန်းကြီးပါ ပါသွားတာ။ ကျန်းမာရေးမကောင်းဘူးလို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံဃာတော်များအား စစ်ကားကိုးစီးနှင့်အတူ ခန့်မှန်းခြေ အင်အား လေးဆယ်ကျော် ပါဝင်သည့် စစ်ကောင်စီတပ်သားများက မြောင်ရဲစခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိတွင် ဆရာတော်များကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရရှိကြောင်းနှင့် မင်းတန်းကျေးရွာသို့လည်း အာဏာသိမ်းစစ်ကောင်စီတပ်သားများ ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေး (PDF )တပ်ဖွဲ့ဝင်များ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်း စစ်တပ်နှင့် PDF တို့အကြား နေ့စဉ်တိုက်များဖြစ်ပွားနေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းမှ မြို့နယ်ခြောက်ခုကို စစ်တပ်က မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly