စစ်သွေးကြွများကို အရေးယူဆောင်ရွက်ရန် ပါကစ္စတန်ကို အမေရိကန် တောင်းဆို

စစ်သွေးကြွများကို အရေးယူဆောင်ရွက်ရန် ပါကစ္စတန်ကို အမေရိကန် တောင်းဆို

ပါကစ္စတန်အနေဖြင့် အစွန်းရောက်ဝါဒီ အဖွဲ့အားလုံးအပေါ် အရေးယူဆောင်ရွက်သွားရေးအတွက် အ‌မေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီ ရှားမန်းက အစ္စလမ်မာဘတ်သို့ သွားရောက်မည့် ခရီးစဥ်မတိုင်မီ အောက်တိုဘာ ၁ ရက်တွင် တောင်းဆိုခဲ့သည်။ အစ္စလမ်မာဘတ်သည် ပြည်တွင်းနှင့် အာဖဂန်နစ္စတန်တွင် ရှိသည့် စစ်သွေးကြွများနှင့်အကြား ပြန်လည်ညှိနှိုင်းစေ့စပ်ရန် ကြိုးပမ်းထားခဲ့သည်။

အ‌မေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီ ရှားမန်းသည် အောက်တိုဘာ ၇ ရက်နှင့် ၈ ရက် ခရီးစဥ်အတွင်း ပါကစ္စတန် အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။

“အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ ပါကစ္စတန်နဲ့အကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုရဖို့ ကျွန်မတို့ ကြိုးစားနေတယ်၊ စစ်သွေးကြွတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေအားလုံးအပေါ် ပါကစ္စတန်ဘက်က ခြွင်းချက်မရှိ အရေးယူသွားလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ရှားမန်းက သတင်းထောက်များကို ပြောသည်။

“ကျွန်မတို့ နှစ်နိုင်ငံစလုံးဟာ အကြမ်းဖက်မှုရဲ့ အန္တရာယ်ကနေ ဆိုးဆိုးရွားရွား ခံစားထားခဲ့ရပါတယ်၊ ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှု အားလုံးကို အမြစ်ဖြတ်ရှင်းလင်းနိုင်ဖို့အတွက် ပူးပေါင်းအားထုတ်မှုတွေ ရဖို့ ကျွန်မတို့ မျှော်မှန်းပါတယ်” ဟု သူမက ဆွစ်ဇာလန်တွင် ရောက်ရှိစဥ် ပြောခဲ့သည်။ သူမ၏ ခရီးစဥ်အတွင်း ဆွစ်ဇာလန်သို့ ပထမဆုံး ဝင်ရောက်ခြင်း ဖြစ်ပြီး ထိုခရီးစဥ်တွင် အိန္ဒိယနှင့် ဥဇဘတ်ကစ္စတန်သို့လည်း သွားရောက်မည် ဖြစ်သည်။

အမေရိကန်၏ စစ်ရေးကမ်ပိန်းများကို ကာလကြာ ဝေဖန်ထားသည့် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းက အောက်တိုဘာ ၁ ရက်တွင် ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ရာတွင် ၎င်းတို့ အစိုးရအနေဖြင့် တားမြစ်ပိတ်ပင်ထားသည့် Tehreek-i-Taliban ပါကစ္စတန် (TTP) ၏ အဖွဲ့တစ်ချို့ လက်နက်ချရေးအတွက် ဆွေးနွေးမှုများကို လမ်းဖွင့်ထားသည်ဟု ပြောခဲ့သည်။

“ဒီအဖွဲ့အချို့ဟာ ငြိမ်းချမ်းရေး၊ ပြန်လည်ပေါင်းထုတ်ရေးအတွက် ကျွန်တော်တို့ အစိုးရနဲ့ အမှန်တကယ် ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြပါတယ်” ဟု ၎င်းက တူရကီ၏ TRT World တယ်လီဗေးရှင်းကို ပြောခဲ့သည်။

လူသေဆုံးစေသည့် တိုက်ခိုက်မှုများကို နှစ်များနှင့်ချီ လုပ်ဆောင်ထားခဲ့သည့် TTP ၏ အဖွဲ့ခွဲများနှင့်အကြားလည်း အာဖဂန်နစ္စတန်တွင် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော် ထပ်ပြောပါမယ်၊ ကျွန်တော်ကတော့ စစ်ရေးအရ ဖြေရှင်းမှုတွေကို မယုံကြည်ပါဘူး” ဟူ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသော်လည်း အဆိုပါ တာလီဘန်တို့နှင့်အကြား ပတ်သက်ဆက်ဆံရန်နှင့် စီးပွားရေးအကူအညီများ ပေးအပ်ရန် ကမ္ဘာကို တိုက်တွန်းထားသည်။

အာဖဂန်နစ္စတန်တွင် အားလုံးပါဝင်သော အစိုးရတစ်ရပ် ဖြစ်ပေါ်ရေး ပါကစ္စတန်၏ တောင်းဆိုမှုကို ချီးကျူးကြောင်း ရှားမန်းက ပြောခဲ့သည်။

“အဲဒီ ရလဒ် ထွက်လာစေဖို့အတွက် ပါကစ္စတန်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟုလည်း သူမက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly