အာဖဂန်နစ္စတန်၌ ကျန်းမာရေးအဆောက်အအုံ ၂,၀၀၀ ကျော် ပိတ်ထားရပြီဟု ကြက်ခြေနီအသင်း ပြော

အာဖဂန်နစ္စတန်၌ ကျန်းမာရေးအဆောက်အအုံ ၂,၀၀၀ ကျော် ပိတ်ထားရပြီဟု ကြက်ခြေနီအသင်း ပြော

အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစနစ်သည် ပြိုလဲလုနီးပါး အခြေအနေတွင် ရှိနေကြောင်း ကြက်ခြေနီအသင်း အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် သတိပေးသွားခဲ့ပြီး ပဋိပက္ခစစ်ပွဲဒဏ်ခံထားရသည့် ယင်းနိုင်ငံတဝန်း၌ ဆေးရုံ၊ ဆေးပေးခန်း၊ ပြင်ပလူနာဌာန စသည်တို့ကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံနေရာပေါင်း ၂,၀၀၀ ကျော်အထိ ပိတ်ထားရပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

ငွေကြေးထောက်ပံ့မှု မရှိတော့မှုက အာဖဂန်နစ္စတန်၏ ကျန်းမာရေးစနစ်ကို ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ထားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) က သတိပေးသည်။

“လူတွေအနေနဲ့ကတော့ လအနည်းငယ်လောက် လစာမရဘဲ အလုပ်လုပ်ပေးဖို့ သဘောတူ‌ကောင်း တူပါလိမ့်မယ်” ဟု IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“ဒါပေမယ့် ဆေးဝါးတွေ လုံးဝ မရှိတော့တဲ့အခါ၊ မီးတွေလည်း မဖွင့်နိုင်တော့တဲ့အခါ၊ ခင်ဗျားတို့ရဲ့ ဆေးရုံ၊ ဆေးပေးခန်းဆီ လာပြတဲ့သူကို ကုသစောင့်ရှောက်ဖို့ ဘာမှ မရှိတော့တဲ့အခါ ကျရင်တော့ တံခါးတွေ ပိတ်ရဖို့ပဲ ရှိပါတော့တယ်” ဟု ၎င်းက ပြောသည်။

ဆယ်စုနှစ် လေးစုကျော်ကြာ စစ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေထားသလို ပြီးခဲ့သည့်လက တာလီဘန်တို့ နိုင်ငံကို သိမ်းပိုက်ခဲ့မှုအပြင် ဒဏ်ခတ်ပိတ်ဆို့ခံထားရမှုများ၊ နိုင်ငံခြားအကူအညီ ဖြတ်တောက်ခံရမှု တို့နောက်ပိုင်း အာဖဂန် စီးပွားရေးသည် ရပ်တန့်လုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

ယင်းနိုင်ငံတွင် တာလီဘန်တို့ အာဏာပြန်မရခင် အချိန်က ပြည်တွင်း၌ ငွေကြေးထောက်ပံ့မှုနှင့်အတူ NGOs များက အဓိက လည်ပတ်လုပ်ကိုင်ခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအပေါ် လက်ရှိအခြေအနေများက အကြီးအကျယ် ထိခိုက်မှုများကို ဖြစ်‌ပေါ်စေသည်။

“ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံနေရာ ၂,၀၀၀ ကျော် ပိတ်ထားခဲ့ရပါပြီ” ဟု IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မက်သယူက အာဖဂန်နစ္စတန်သို့ လေးရက်ကြာ ခရီးစဥ် နောက်ဆုံးနေ့တွင် ပြောခဲ့သည်။

နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၂၀,၀၀၀ ကျော်သည် လက်ရှိတွင် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့သည့် အခြေအနေ သို့မဟုတ် လစာမရဘဲ လုပ်ကိုင်နေရမှုများ ဖြစ်နေပြီဟု ၎င်းက ပြောခဲ့သည်။ ၎င်းတို့အနက် ၇,၀၀၀ ကျော်သည် အမျိုးသမီးများ ဖြစ်သည်။

ယင်းနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု နေရာများအနက် ငါးပုံ တစ်ပုံခန့် သာလျင် အပြည့်အဝ ဆက်လက်လည်ပတ်နေနိုင်ပြီး သုံးပုံ နှစ်ပုံတွင် လိုအပ်သည့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ပြီးခဲ့သည့်အပတ်က သတိပေးခဲ့သည်။ ယင်းက COVID-19 ကပ်ရောဂါ တုံ့ပြန်မှု အပါအဝင် သေရေးရှင်ရေးတမျှ အရေးကြီးသည့် အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly