နီပေါပိုင်နက်အတွင်း တရုတ်ကျူးကျော်မှုကို ဆန္ဒပြ

နီပေါပိုင်နက်အတွင်း တရုတ်ကျူးကျော်မှုကို ဆန္ဒပြ

နီပေါနိုင်ငံ ဟူမလာဒေသ၌ တရုတ်ကျူးကျော်နေမှုနှင့် နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်နေမှုအပေါ် စက်တင်ဘာ ၃၀ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူရှိ Mahitighar Mandala အထိမ်းအမှတ်နေရာတွင် LoktantrikYuvaManch (LYU) အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် အင်န်ဂျီအိုများမှ ဝန်ထမ်းပေါင်း ၂၀၀ ကျော်ပါဝင်ခဲ့သည်ဟု ဒေသခံ မီဒီယာများတွင် ဖော်ပြထားသည်။

LYU ဥက္ကဋ္ဌ ရမ်ခီရှောဆင်းက ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ပြီး ဆန္ဒပြသူများက “တရုတ် ငါတို့မြေကို ပြန်ပေး”၊ “နီပေါနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ ရပ်”၊ “တရုတ်နိုင်ငံကို ပြန်သွား” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

တရုတ်သည် ဟူမလာဒေသရှိ နီပေါပိုင်နက်အတွင်း၌ အဆောက်အအုံ ၁၂ လုံး မှ ၁၅ လုံး ခန့် ဝင်ရောက် ဆောက်လုပ်ထားသည်။ ဒေသခံများက ပိုင်နက်ကျူးကျော်မှုကို အပြင်းအထန်ကန့်ကွက်ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။

သတင်းများအရ ပေကျင်းသည် ဟူမလာဒေသ၌ အဆောက်အအုံများကို လျှို့ဝှက်စွာ တည်ဆောက်ထားပြီး အဆိုပါနေရာသို့ ဒေသခံများ ဝင်ရောက်ခြင်းကိုလည်း တားမြစ်ထားသည်။

ဝန်ကြီးချုပ်ဟောင်း ကေပီရှာမာအိုလီဦးဆောင်သော ယခင်အစိုးရအဖွဲ့က ခတ္တမန္ဒူနှင့် ပေကျင်းတို့အကြား နယ်မြေအငြင်းပွားမှုမရှိဟု ဖော်ပြထားသော တရုတ်တင်ပြသည့် ပိုင်နက်ကျူးကျော်မှုဆိုင်ရာ အစီရင်ခံစာများကို ပယ်ချခဲ့သည်။

ဝန်ကြီးချုပ် ရှာဗဟာဒူဒိုဘာဦးဆောင်သော လက်ရှိအစိုးရက တရုတ်နှင့်နယ်နိမိတ် အငြင်းပွားမှုကို စုံစမ်းရန် အဖွဲ့ဝင် ၅ ဦးပါသောအဖွဲ့ကို မကြာသေးမီက ဖွဲ့စည်းခဲ့သည်။ ကော်မတီသည် ဟူမလာဒေသ နမ်ခါ ကျေးလက်ရှိ လီမီလက်ချာမှ ဟေလ်ဆာအထိ နီပေါ-တရုတ်နယ်နိမိတ်နှင့်ဆက်စပ်သော ပြဿနာများကို လေ့လာမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း ဒေသခံကျေးရွာကောင်စီဥက္ကဋ္ဌ ဗစ်ရှ်နူဗဟာဒူလာမာက အဆိုပါနယ်မြေသို့ လာရောက်စဉ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က နီပေါပိုင်နက်အတွင်း ၂ ကီလိုမီတာ နီးပါးမျှအထိ ဝင်ရောက်ကာ အဆောက်အအုံအသစ်များ တည်ဆောက်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီးနောက် ဟူမလာဒေသဆိုင်ရာ လက်ထောက်အကြီးအကဲ ဒယ်ဘဟာဒူဟာမယ်က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကာ တရုတ်၏ ပိုင်နက်ကျူးလွန်မှုကို အတည်ပြုခဲ့သည်။

ဝန်ကြီးဟောင်း ဂျီဝမ်ဗဟာဒူရှာဟီ ဦးဆောင်သော ဒေသဆိုင်ရာနိုင်ငံရေးသမားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဂျာနယ်လစ်များပါဝင်သော ၁၉ ဦးပါ အဖွဲ့သည် နယ်စပ်ကျူးကျော်ဝင်ရောက်မှုဆိုင်ရာ ရှုပ်ထွေးသောအစီရင်ခံစာများအကြား ၁၁ ရက်ကြာ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် တရုတ်သည် နီပေါပိုင်နက်အတွင်း အဆောက်အအုံအခိုင်အခံ့ တည်ဆောက်ထားကြောင်း အဖွဲ့က တွေ့ရှိခဲ့သည်။

တရုတ်က အပြည်ပြည်ဆိုင်ရာ နယ်ခြားမှတ်တိုင် ၁၁ နှင့် ၁၂ ကိုလည်း တစ်ဖက်သတ် အစားထိုးလဲလှယ်ထားပြီး နီပေါပိုင်နက်အတွင်းရှိ ဧရိယာအတွင်းသို့ ဒေသခံများဝင်ရောက်ခြင်းကိုလည်း တားဆီးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly