စစ်ကိုင်းတိုင်းအတွင်း အမှုအခင်းများအတွက် ကာကွယ်ရေးတပ်များကို အားကိုးလာ

စစ်ကိုင်းတိုင်းအတွင်း အမှုအခင်းများအတွက် ကာကွယ်ရေးတပ်များကို အားကိုးလာ

အောက်တိုဘာ ၃

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်သည် လူအများစု၏ ရန်သူဖြစ်လာကြပြီးနောက် စစ်ကိုင်းတိုင်းဒေသနေရာအများစုတွင် အမှုအခင်းများရပ်ရွာအတွင်း ဖြစ်လာသည့်အခါဖြေရှင်းရန် ပြည်သူ့ကာကွယ်ရေးတပ်များက ဒေသခံများအတွက် အားကိုးစရာဖြစ်လာခဲ့သည်။

ကလေးမြို့ တောင်ပိုင်း ကျေးရွာများတွင် ဒေသခံများ၏ ရွှေငွေများကိုလုယက်ခြင်း၊ အမျိုးသမီးများကိုမဖွယ်မရာ ပြုကျင့်ခြင်းနှင့် မူးယစ်ဆေးစွဲနေသူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့် ရှိုင်းသာဦးဆောင်သည့် အင်အား ၅၀ခန့်ပါဝင်သော အဖွဲ့ကို ဒေသခံများ၏ တိုင်ကြားမှုဖြင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး PDF ) က ရှင်းလင်းအရေးယူနိုင်ခဲ့သည်က ထင်ရှားသော သာဓကတစ်ခုဖြစ်သည်။

“ဒါကတော့ ကလေး PDF ကို ကြီးကြီးမားမား တိုင်ကြားလာတဲ့တစ်ခုကို ဖြေရှင်းပေးခဲ့တာပါ၊ အခြားအမှုကိစ္စတွေကိုတော့ ပကဖဆိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖြေရှင်းပေးနေတာမျိုးတွေရှိတယ်” ဟုကလေး PDF ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

ကလေးနယ်မှ ကျေးရွာဒေသအားလုံးနီးပါးတွင် သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ အမှုကိစ္စများဖြေရှင်းပေးရန် တိုင်ကြားခြင်းမျိုး မရှိတော့သည်မှာ အာဏာသိမ်းမှုအပြီး လက်နက်ကိုင်တိုက်ပွဲများ စတင်ကတည်းကဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီနေရာမှာမြို့ပေါ်နဲ့ ကျေးလက်ဒေသကိုခွဲပြောရမယ်ထင်တယ်၊မြို့ပေါ်တော့သူတို့ဘက်တော်သားတွေ တိုင်တန်းတာမျိုးအနည်းအကျဉ်းရှိနိုင်တယ်၊ ဒီချိန်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ၊တရားဥပဒေစိုးမိုးစေဖို့ဆိုတာကို လုပ်မပေးနိုင်တဲ့မရနိုင်တော့တဲ့ စစ်ကောင်စီလက်အောက်က ရဲစခန်းတွေကို ကျေးလက်ဒေသတွေမှာတော့ အမှုကိစ္စတွေအတွက် ရဲစခန်းကိုမသွားတော့ဘဲ ခုနပြောတဲ့ ပကဖတွေကိုပဲ အားကိုးနေရတယ်” ဟု ကလေးPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုင်ကြားလာသည့် ကိစ္စများအား ဖြေရှင်းဆောင်ရွက်ပေးပုံနှင့်ပတ်သက်၍ “ ကလေး PDF ရဲ့ဦးဆောင်မှုလက်အောက်ကနေပြီးသွားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရပ်ရွာလူကြီးတွေနဲ့ ညှိနှိုင်းဖြေရှင်းတာမျိုးလုပ်ကြတာမျိုးပါ၊ ကြီးကြီးမားမားဖြစ်တဲ့ ဓါးပြတိုက်တာလိုမျိုးအဖွဲ့ကိုဆိုရင်တော့ စစ်ရေးစီမံချက်တစ်ခုလုပ်ဆောင်ပြီး ရှင်းလင်းတာမျိုးလုပ်ပါတယ်၊ ကျန်တဲ့ကိစ္စတွေကတော့ အသေးစိတ်ပြောဖို့ခက်ပါတယ်” ဟု ပြောသည်။ စစ်အာဏာရှင်တော်လှန်တိုက်ထုတ်နေရသည့် ကြားကာလဖြစ်သည့်အတွက် ထိုအမှုကိစ္စများအား ဖြေရှင်းဆောင်ရွက်ရသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင် အားနည်းချက်များ ရှိနေသေးကြောင်း ၎င်းကဆိုသည်။

“အခုအချိန်မှာက ကြားကာလဖြစ်တဲ့အတွက် အချို့အရာတွေမှာရှုပ်ထွေးမှုတွေရှိတယ်၊ အချို့ ပကဖ အဖွဲ့တွေရဲ့ကိုင်တွယ်ပုံတွေက ကျင့်ဝတ်တွေ စံနှုန်းတွေနဲ့ပါတ်သတ်ရင် အားနည်းတာတွေ၊ လွဲချော်နေတာလေးတွေရှိနိုင်တယ်၊ အားလုံးကမရှင်းမလင်းဖြစ်နေတဲ့ကာလ အားကိုးစရာကလည်း ဒီအဖွဲ့တွေပဲရှိတာဆိုတော့ ဝိုင်းဝန်းဖြေရှင်းတာမျိုးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။ ထို့အတူ ချင်းတွင်းမြစ်နဘေးရှိ ကနီနယ်ဒေသတွင်လည်း အမှုကိစ္စများအတွက် ရဲစခန်းအားသွားရောက်တိုင်ကြားခြင်း မျိုးမရှိတော့ကြောင်း ကနီဒေသခံတစ်ဦးကလည်း ဆိုသည်။

“ရဲစခန်းကိုတိုင်မယ့်သူက စစ်ကောင်စီလက်ကိုင်တုတ်နဲ့ အပေါင်းအပါတွေကပဲ သွားတာမျိုးရှိနိုင်တယ်၊ ကျွန်တော်တို့ပြည်သူတွေကလည်း ရဲစခန်းတို့ စစ်ကောင်စီနဲ့ပါတ်သတ်တဲ့ ရုံးဌာနတွေကိုအယုံအကြည်လည်းမရှိဘူး၊ သွားတိုင်ရင်လဲ ဘာမှရေရေရာရာဖြစ်လာမှာအကျိုးရှိမှာမဟုတ်ဘူး၊ သွားတိုင်တဲ့သူရဲ့ လုံခြုံရေးကိုလည်း သူတို့တာဝန်ယူပေးနိုင်မှာမဟုတ်ဘူး၊ အခန့်မသင့်ရင် တိုင်တဲ့သူပါ ဖမ်းဆီးခံရတာမျိုးဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ကျွန်တော်တို့ဆီမှာအဖြစ်များတာတော့ စစ်ကောင်စီတပ်တွေ ရွာတွေကိုဝင်မွှေတဲ့အခါ ပြေးကြရတဲ့ ဒေသခံတွေရဲ့ နေအိမ်ထဲက တန်ဖိုးရှိတဲ့ပစ္စည်းတွေကို စစ်သားတွေနဲ့ စစ်ကောင်စီသတင်းပေးဒလန်တွေ၊ ပျူစောထီးတွေကို ခိုးယူကြတာတွေရှိတယ်၊ ဒါတွေကို ကာကွယ်တားဆီးပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကူအညီတောင်းပြီး တိုင်ကြားလာတာတွေရှိပါတယ်” ဟု ပြောသည်။

ရပ်ကွက် သုံးခု၊ ကျေးရွာပေါင်း ၁၈၇ ရွာတို့နှင့် ဖွဲ့စည်းထားကနီဒေသတွင် ကျေးရွာအများစုသည် လက်နက်ကိုင်တော်လှန်ရေးစိတ်ထက်သန်ကာ ဒေသခံအချင်းချင်းဖြစ်ပွားသည့် ရာဇဝတ်မှုများမှာ လက်ရှိစစ်အာဏာသိမ်းကာလတွင် အဖြစ်နည်းကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာတော့ ပြည်သူတွေအချင်းချင်း၊ သတ်တာဖြတ်တာ၊ ခိုးတာဆိုးတာမျိုးတွေတော့ သိပ်မကြားမိဘူးဗျ၊ အားလုံးကတော်လှန်ရေးဘက်မှာပဲအားသန်ကြတဲ့လူကများတော့ အဲ့ဒါမျိုးတွေကို အာရုံမစိုက်မိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ၊ နောက်တစ်ခုက တော်လှန်ရေးတပ်သားတွေ အာရုံမများအောင်ဒါတွေကို လာမပြောကြတာမျိုးလဲဖြစ်နိုင်ပါတယ်” ဟုကနီနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကဆိုသည်။ ကနီနယ်တွင် ဒေသခံများ ဖြစ်ပေါ်ကြုံတွေ့လာသသည့် ပြဿနာများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဆက်လက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဒေသရဲ့ ရပ်ရွာတိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေရှိတယ်၊ ပြည်သူတွေကို လုံခြုံဖို့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အချင်းချင်းကူညီပေးနိုင်ဖို့ ပြဿနာတွေဖြစ်လာတဲ့အခါမှာလည်း ပြည်သူအချင်ချင်း ဖြေရှင်းတဲ့နည်းလမ်းတွေနဲ့သွားခဲ့တယ် ဆက်လက်ပြီးတော့လည်း ခုလိုပဲဖြေရှင်းပေးသွားပါမယ်” ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာပေါင်း ၅၉၉၁ ရွာရှိပြီး လူဦးရေ ငါးသန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းမှုအား လက်နက်စွဲကိုင်တော်လှန်ကြရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲအများဆုံးဖြစ်သည့်ဒေသတစ်ခုဖြစ်လာသည်။

စစ်ကိုင်တိုင်းသည် တိုင်းဒေသကြီးခုနှစ်ခုတွင် အကျယ်ဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။

ဓာတ်ပုံ။ ။ ဒေသခံများအား လုယက်အနိုင်ကျင့်နေသည့် အဖွဲ့ကို ကလေး PDF ရှင်းလင်းစဉ်သိမ်းဆည်းရမိသည့် ပစ္စည်းများ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly