အာဏာသိမ်းစစ်ခေါင်းဆောင် ပူတာအိုခရီးစဉ် ထပ်မံရွေ့ဆိုင်းပြန်

အာဏာသိမ်းစစ်ခေါင်းဆောင် ပူတာအိုခရီးစဉ် ထပ်မံရွေ့ဆိုင်းပြန်

အောက်တိုဘာ ၁

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကချင်ပြည်နယ် ပူတာအို မြို့သို့သွားရောက်ရေး ဒုတိယအကြိမ်ကြိုးစားမှုကလည်း ပျက်ပြယ်သွားပြန်ပြီ ဟု စစ်ဘက်သတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စက်တင်ဘာလအတွင်းက မြစ်ကြီးနားမြို့ သို့ သွားရောက်ခိုက် ပူတာအိုကိုပါသွားရန်စီစဉ်ထားခဲ့သော်လည်း လုံခြုံရေး စိတ်မချရသည့်အတွက် ခရီးစဉ်ပျက်ပြယ်ခဲ့ရာက အောက်တိုဘာလ ဆန်းပိုင်း တွင် သွားရောက်ရန်ခရီးစဉ်စီစဉ်ခဲ့ပြန်သည်။

သို့သော် ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PUTAO PDFမှ) အာဏာရှင် ဖြုတ်ချရန်အဆင်သင့်ဖြစ်ကြောင်း ကြေညာထားပြီးနောက်မှာတော့ ခရီးစဉ်ကို ထပ်မံ ရွေ့ဆိုင်းထားကြောင်း စစ်ဘက်သတင်းအရင်းအမြစ်က ပြောသည်။

" လူကြီးလမ်းကြောင်းက မြေပြင်အခြေအနေ မရှင်းသေးဘူးလို့ပြောလို့ ခရီးစဉ်ကို ‌ထပ်ရွေ့ဆိုင်းထားတယ်လို့ ပြောတယ် " ဟု သတင်းအရင်းအမြစ်က ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကတော့ VIP လမ်းကြောင်းလုံခြုံရေးအတွက် နယ်မြေခံတပ်ရင်းများက လုံခြုံရေးအခြေအနေ ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းကြောင့် ခရီးစဉ်ကိုရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလအတွင်း ပူတာအိုကိုတက်ကာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဖို့ စီစဉ်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ -(၁) ၏ လမ်းပိတ်ဆို့မှုကြောင့် ခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required