သဘောတူစာချုပ်များကို အိန္ဒိယဘက်က ချိုးဖောက်ခဲ့၍ ဂယ်လ်ဝမ်တောင်ကြားဖြစ်စဥ် ဖြစ်ပွားခဲ့သည်ဆိုသည့် တရုတ်၏ ထုတ်ပြန်ချက် အိန္ဒိယ ပယ်ချ

သဘောတူစာချုပ်များကို အိန္ဒိယဘက်က ချိုးဖောက်ခဲ့၍ ဂယ်လ်ဝမ်တောင်ကြားဖြစ်စဥ် ဖြစ်ပွားခဲ့သည်ဆိုသည့် တရုတ်၏ ထုတ်ပြန်ချက် အိန္ဒိယ ပယ်ချ

ယမန်နှစ်က ဂယ်လ်ဝမ်တောင်ကြား ပဋိပက္ခဖြစ်စဥ် ဖြစ်ပွားခဲ့ရခြင်းမှာ အိန္ဒိယဘက်က သဘောတူစာချုပ်အားလုံးကို ချိုးဖောက်ကာ တရုတ် နယ်နိမိတ်ထဲ တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး စည်းကျော်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ မဆိုင်းမတွပင် တရုတ်၏ ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး အိန္ဒိယဘက်က လက်မခံဘဲ ပယ်ချသွားခဲ့သည်။

တရုတ်၏ ပြောဆိုချက်ကို တုံ့ပြန်ရင်း အိန္ဒိယက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ယမန်နှစ်က အရှေ့ လာဒက်ခ်ရှိ နယ်စပ်ထိန်းချုပ်စည်းတစ်လျောက် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များနှင့်ပတ်သက်သည့် မိမိတို့၏ ရပ်တည်ချက်သဘောထားသည် ရှင်းရှင်းလင်းလင်းနှင့် တသမတ်တည်း ရှိသည်ဟု ပြောခဲ့သည်။

“အဲဒါက တမင်ဆွတဲ့ အပြုအမူတစ်ခု ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေအားလုံးကို ဖောက်ဖျက်ပြီး ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲဖို့ တရုတ်တို့ရဲ့ တစ်ဖက်သတ် ကြိုးပမ်းမှုတွေသာ ဖြစ်ပါတယ်၊ အဲဒီဖြစ်စဥ်တွေကြောင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်အေးချမ်းမှုအတွက် ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်၊ ပြီးတော့ ဒါက နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘက်ချီက ပြောသည်။

“ဒီလအစောပိုင်းတုန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို အလေးပေး ပြောခဲ့သလိုပါပဲ၊ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေနဲ့ စောင့်ထိန်းရမယ့် စည်းမျဥ်းတွေကို အပြည့်အဝ လိုက်နာရင်းနဲ့ အရှေ့လာဒက်ခ်က နယ်စပ်ထိန်းချုပ်မျဥ်းတလျှောက် ဖြေရှင်းဖို့ ကျန်နေတဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ တရုတ်ဘက်က ပူးပေါင်းလုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟုလည်း ဘက်ချီက ပြောသည်။

တချိန်တည်းမှာပင် တရုတ်-အိန္ဒိယ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည့် အိန္ဒိယဆိုင်ရာ တရုတ်သံအမတ် ဆွန် ဝေတုံ ကလည်း လက်ရှိ ကမ္ဘာ့ စင်မြင့်ထက်တွင် ဆူပူရှုပ်ထွေးမှုများ ရှိနေစဥ် တရုတ်-အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် နိမ့်ကျသည့် လယ်ဗယ်တစ်ခုတွင် ရှိနေသည်ဟု ပြောခဲ့သည်။

“ပြီးခဲ့တဲ့နှစ်နောက်ပိုင်း တရုတ်နဲ့ အိန္ဒိယ အကြား ဆက်ဆံရေးပိုင်းမှာ နှစ်များစွာအတွင်း မမြင်တွေ့ထားခဲ့တဲ့ အခက်အခဲတွေ အများကြီး ကြုံတွေ့ထားခဲ့ရတယ်၊ ဆက်ဆံရေးဟာ နိမ့်ပါးတဲ့ လယ်ဗယ်တစ်ခုမှာ ဆက်ရှိနေတယ်၊ လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ ဆူပူရှုပ်ထွေးမှုနဲ့ အပြောင်းအလဲ ကာလတစ်ခုကို ဖြတ်ကျော်နေရတယ်၊ COVID-19 ကပ်ရောဂါ ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ပြန်လည်နာလန်ထူဖို့ ဆက်လက်နှေးကွေးလေးလံနေတယ်၊ အာဖဂန်နစ္စတန်က မြန်ဆန်တဲ့ အပြောင်းအလဲတွေကလည်း ဒေသဆိုင်ရာ အခြေအနေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတစ်ခု ရှိစေခဲ့ပါတယ်” ဟု တရုတ်သံအမတ်က ပြောခဲ့သည်။

“တရုတ်နဲ့ အိန္ဒိယအနေနဲ့ ကပ်‌ရောဂါ တိုက်ဖျက်မှုပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်ညှိနှိုင်းမှု၊ လက်တွဲလုပ်ဆောင်မှုတို့ကို အား‌ကောင်းစေသင့်ပါတယ်၊ အာရှဆိုင်ရာ စုစည်းညီညွတ်မှုကို ထိန်းသိမ်းပြီး ကမ္ဘာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုကို အားပေးသင့်ပါတယ်၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးရဲ့လက်ရှိ အခြေအနေကတော့ နှစ်ဖက်စလုံးရဲ့ အခြေခံအကျိုးတရားထဲမှာ ရှိမနေဘူးဆိုတာ သိသာထင်ရှားပါတယ်” ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly