လွိုင်ကော်မြို့နယ်တွင် PDF တပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး

လွိုင်ကော်မြို့နယ်တွင် PDF တပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး

စက်တင်ဘာ ၂၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးအတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက စတင်ကာ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးကာ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း KNDF က ပြောသည်။

ထိုတိုက်ပွဲတွင် သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ ဦးခန့် ရှိနိုင်ကြောင်းလည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ဆိုသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်မှ ဖယ်ခုံ-လွိုင်ကော်ကားလမ်းမအတိုင်း ချီတက်လာသည့် ကားအစီးရေ ၄၀ ကျော်ပါဝင် သည့် အာဏာသိမ်းစစ်ကောင်စီ ယာဉ်တန်းကို ဖယ်ခုံPDF(အင်းအရှေ့ခြမ်းတပ်ခွဲ)၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDFနှင့် အခြားနယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး တပ်ပေါင်းစု တိုက်ခိုက်ခဲ့ကြရာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။

ဖယ်ခုံPDF(အင်းအရှေ့ခြမ်းတပ်ခွဲ)က တပ်ဖွဲ့ဝင် အင်အား ၃၀၀ နီးပါးပါဝင်တိုက်ခိုက်နေသည့် ကုန်းသာကျေးရွာ တိုက်ပွဲတွင် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်လေးဦးကျဆုံးခဲ့ပြီး တပ်ပေါင်းစုအနေဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် PKPDF တပ်ဖွဲ့ဝင် လေးဦးနှင့် KNDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း KNDF က ပြောသည်။

ဒေသကာကွယ်ရေးတပ်ပေါင်းစု၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိမှာ ကုန်းသာကျေးရွာတွင် ပိတ်မိနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းနှင့် ကုန်းသာကျေးရွာဘက်ကို လက်နက်ကြီး ပစ်ကူပေးနေသည့် ခမရ (၄၂၂) တပ်နှင့်လည်း မိုးဗြဲ PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ လေးနာရီ ဝန်းကျင်အချိန်ခန့်တွင် ဖယ်ခုံမြို့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဖယ်ခုံ PDF နှင့် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပြီး မိမိတို့ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးနှစ်လုံးသည် စစ်တပ်ဘားတိုက်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖယ်ခုံ PDF က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီဘက် ပစ်ခတ်လိုက်သည့် လက်ကြီးကျည်များသည် လူနေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း ဖယ်ခုံ PDF က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly