သေဒဏ်နှင့် ကိုယ်အင်္ဂါဖြတ်တောက်သည့် ပြစ်ဒဏ်များကို ပြန်လည်ကျင့်သုံးမည်ဟု တာလီဘန်အကျဉ်းထောင် အရာရှိ ပြောကြား

သေဒဏ်နှင့် ကိုယ်အင်္ဂါဖြတ်တောက်သည့် ပြစ်ဒဏ်များကို ပြန်လည်ကျင့်သုံးမည်ဟု တာလီဘန်အကျဉ်းထောင် အရာရှိ ပြောကြား

တာလီဘန်များ၏ အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် အာဖဂန်တရားရေးဝန်ကြီးဟောင်း မူလာနိုရူဒင်သူရာဘီ က ယခင်အုပ်ချုပ်စဉ်ကကဲ့သို့ လူမြင်ကွင်းတွင်ပြုလုပ်မည်မဟုတ်သော်လည်း သေဒဏ်ပေးခြင်းနှင့် ကိုယ်အင်္ဂါ ဖြတ်တောက်ခြင်းကဲ့သို့ ပြစ်ဒဏ်များကို ပြန်လည်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်အပြစ်ပေးခြင်းသည်လုံခြုံရေးအတွက်လိုအပ်သည်ဟု မူလာနိုရူဒင်သူရာဘီက ကဘူးလ်မြို့တွင် အေပီသတင်းဌာန သို့ ပြောကြားခဲ့သည်။

ယခင်က အားကစားရုံတစ်ခုရှိ လူအုပ်ရှေ့တွင်ပြုလုပ်ခဲ့သည့် တာလီဘန်များ၏ ကွပ်မျက်မှုအပေါ် ကန့်ကွက်မှုအားပယ်ချခဲ့သည်။ “ အားကစားရုံမှာ အပြစ်ပေးတာကို လူတိုင်းက ဝေဖန်ကြပေမယ့် သူတို့ကို ပေးတဲ့အပြစ်ဒဏ်နဲ့ သူတို့ ဥပဒေတွေအကြောင်းကို ကျွန်တော်တို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ကျွန်တော်တို့ ဥပဒေတွေကလဲ ဘာဖြစ်သင့်လဲဆိုတာကို လူတွေက မပြောသင့်ပါဘူး။ ကျွန်တော်တို့က အစ္စလာမ်ဘသာကိုလိုက်နာပြီး ကုရ်အာန်အပေါ် အခြေခံတဲ့ ဥပဒေတွေကို ပြဌာန်းပါတယ်” ဟု သူက ဆိုခဲ့သည်။

သြဂုတ် ၁၅ ရက်က အာဖဂန်နစ္စတန်တွင် အာဏာရယူပြီးကတည်းက တာလီဘန်များသည် ယင်းတို့၏ ယခင် အုပ်ချုပ်မှုထက် ပိုမိုပျော့ပျောင်းသော အုပ်ချုပ်မှုပုံစံကိုကတိပြုခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများပေါ်ထွက်နေသည်။

ဟီရတ်မြို့ရှိ တာလီဘန်များသည် နာမည်ကြီး အမျိုးသမီးများကို ရှာဖွေနေပြီး ၎င်းတို့၏ နေအိမ် အပြင်ဘက် တွင် အမျိုးသမီးများ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို ခွင့်ပြုမထးသလို မဝတ်မနေရဝတ်စားရမည့် ဝတ်စား ဆင်ယင်မှု စည်းမျဉ်းများကိုလည်း ချမှတ်ထားသည်ဟု Human Rights Watch က စက်တင်ဘာ ၂၃ရက်တွင် သတိပေးထားသည်။

တာလီဘန်တိုက်ခိုက်ရေးသမားများသည် ဟာဇရာ လူမျိုးစု ၉ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်တွင်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းခွင့်အဖွဲ့က သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူး အက်ဂ်နဲစ်ကယ်လာမာ့ဂ်က “ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှု” သည် တာလီဘန်များ၏ အတိတ်မှတ်တမ်းများကို သတိရစေ ကြောင်းနှင့် တာလီဘန်အုပ်ချုပ်မှုက မည်ကဲ့သို့သော ရက်စက်မှုမျိုးကို ယူဆောင်လာနိုင်သည်ကို ညွှန်ပြနေသည်ဟု ပြောကြားခဲ့သည်။

တာလီဘန်များက ကဘူးလ်မြို့ကို မထိန်းချုပ်မီရက်ပိုင်းအတွင်း ဘတ်ချ်ရှိတာလီဘန်တရားသူကြီး ဟာဂျီ ဘာဒရက်ဒင်က ဘီဘီစီသတင်းထောက် ခါမနီအား သူက တာလီဘန်အဖွဲ့၏ ကြမ်းတမ်းပြင်း ထန်မှုနှင့် အစ္စလာမ်ဘာသာရေးဥပဒေအား သဘောတရားအရ ပြန်ဆိုခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly