ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် ပုဒ်မများအတွက် စွဲချက်တင်အမိန့်ချမှတ်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် ပုဒ်မများအတွက် စွဲချက်တင်အမိန့်ချမှတ်မည်

စက်တင်ဘာ ၂၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့နှစ်ဦးကို သီးခြားစီစွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှု ဥပဒေပုဒ်မ ၂၅ အမှုတို့အတွက် လာမည့် ရုံးချိန်းတွင် စွဲချက်တင် အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက် ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကြီးတို့ကို နေပြည်တော် အထူးသီးသန့်တရားရုံးတွင် အမှုများနှင့် ပတ်သက်၍ လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ တရားခွင်တွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် စွဲဆိုထားသော အမှု အတွက် တရားလိုဘက်ကနောက်တိုး သက်သေတစ်ဦး ထပ်မံတင်ပြမှုအပေါ် လက်ခံသင့်၊ လက်မခံသင့်အတွက် နှစ်ဘက်ရှေ့နေများ‌လျှောက်လဲခဲ့ကြသည်။

ယင်းအမှုအတွက် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ရုံးချိန်းတွင်တရားလိုဘက်မှ ကျွမ်းကျင်ပညာရှင်တစ်ဦး ထပ်မံတင်သွင်းလာမှုအပေါ် စွပ်စွဲခံရသူဘက်က ရှေ့နေများကကန့်ကွက်ခဲ့ကြသည်။

ထို့နောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် စွဲဆိုထားသည့် အမှုအတွက် အမှုစစ်ရဲအရာရှိတစ်ဦးကို စစ်ဆေးခဲ့သည်။ စွပ်စွဲခံရသူဘက်မှ ရှေ့နေများက ယင်းအမှုနှင့်သက်ဆိုင်သော သက်သေခံစာရွက်စာတမ်းအချို့ တင်သွင်းခဲ့ရာ တရားရုံးက သက်သေတင်သွင်းမှုအပေါ် ခွင့်မပြုဘဲ ပယ်ချခဲ့သည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ဆက်လက် စစ်ဆေးရာ တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးခဲ့သော ကြောင့် လာမည့် ရုံးချိန်းတွင် စွဲချက်အမိန့် ချသင့်၊ မချသင့်အတွက် နှစ်ဘက် ရှေ့နေများ‌လျှောက်လဲချက်ပေးသွားရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းကြည်အား ယနေ့ ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အတွက် နောက်တိုးတရားလိုပြသက်သေ လက်ခံသင့် ၊ မသင့်အတွက် နှစ်ဘက် ရှေ့နေများလျှောက်လဲကြခြင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် သက်သေခံစာရွက်စာတမ်းအချို့ တင်သွင်းခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ အမှုအတွက် တရားလိုပြသက်သေများ အပြီးသတ်စစ်ဆေးပြီးစီးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ်စွဲဆိုထားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ဆက်လက်စစ်ဆေးရာ တွင်အမှုနှင့်ပတ်သက်၍ စွဲချက်တင်အမိန့် ချသင့် ၊ မချသင့်အတွက် နှစ်ဘက် ရှေ့နေများ လျှောက်လဲခဲ့ကြပြီး လာမည့်ရုံးချိန်းတွင် ယင်းအမှုနှင့်ပတ်သက်၍ အမိန့်တစ်ခုချမှတ်မည်ဖြစ်သည်။

ယင်းအမှုများနှင့်ပတ်သက်၍ အပတ်စဉ်တနင်္လာနှင့် အင်္ဂါနေ့များကို ချိန်းဆိုထားသည်။

​ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှတစ်ဆင့် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးသို့ ရုံးပြောင်းရွှေ့စွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ကိုလည်းအပတ်စဉ် ကြာသပတေးနေ့တိုင်းတွင် စတင်စစ်ဆေးတော့မည်ဖြစ်သည်။

ယင်းအမှုတွင်ဒေါ်အောင်ဆန်းစုကြည်၊ ၎င်း၏စီးပွားရေး အကြံပေး ပါမောက္ခ ရှောင်တာနယ်နှင့် ပြည်ထောင်စုဝန်ကြီးသုံးဦးတို့ကို တစ်ပေါင်းတည်း စွဲဆိုထားခြင်းဖြစ်သည်။

အမှုတွင်ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး သုံးဦးတို့မှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးဆက်အောင်နှင့် ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ဖြစ်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်မံစွဲဆိုထားသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မလေးမှုအတွက်လည်း တစ်ပတ်ခြား တစ်ကြိမ် အပတ်စဉ်သောကြာနေ့တိုင်း စစ်ဆေးသွားမည်ဖြစ်သည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက စုစုပေါင်း ပုဒ်မ ၁၀ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ စစ်ကောင်စီက မတရားစွဲချက်တင် ပြစ်ဒဏ်ချမှတ်ပါက စုစုပေါင်းထောင်ဒဏ် ၈၇ နှစ်ကျခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required