မောင်တောတွင် တစ်ဘက်နိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိရွှေများ ဖမ်းဆီးရမိ

မောင်တောတွင် တစ်ဘက်နိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိရွှေများ ဖမ်းဆီးရမိ
ဓာတ်ပုံ- ရခိုင်နေ့စဉ်ဖေ့စ်ဘွတ်

စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ် ၊ နယ်စပ်မြို့တော်ဖြစ်သည့် မောင်တောမြို့တွင် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် တန်ဖိုးရှိ ရွှေချောင်းများနှင့် ရွှေများကို စက်တင်ဘာ ၂၆ ရက် ညနေ ၅နာရီအချိန်တွင် သိမ်းဆည်းရရှိခဲ့ကြောင်း မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာအနီး မောင်တော-တောင်ပြိုကားလမ်း၌ မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးနေစဉ် မောင်တောမြို့၊ မြို့မ ကညင်တန်းရပ်ကွက်နေ ဂျာဟာမောရင်(ခ)မာမတ်ရီကရစ် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် ထိုသို့သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ရခိုင်နေ့စဉ်ဖေ့စ်ဘွတ်

သိမ်းဆည်းရရှိသည့် ရွှေများမှာ အကယ်ဒမီတံဆိပ်ပါ ၁၀ ကျပ်သားရှိ အခေါက်ရွှေ ၃၉ ချောင်း၊ ရွှေထည်လက်ဝတ် ရတနာမျိုးစုံ ၂၈ ကျပ်သား စုစုပေါင်း ရွှေ ၄ ပိဿာ ၁၈ ကျပ်သားဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် တန်ဖိုးရှိသည်။

ထိုရွှေများနှင့်အတူ မြန်မာကျပ်ငွေ သိန်း ၅၀ ကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းနှင်လာသည့် မောင်တောမြို့နေ ဂျာဟာမောရင်(ခ)မာမတ်ရီကရစ်နှင့် ယာဉ်ပေါ်စီးနင်းလိုက်ပါလာသူ ဘူးသီးတောင်မြို့နေ မာမောက်ဂျူနိုက် နှင့် အဏ္ဏဝါဆာဒတ်တို့ သုံးဦးကိုလည်း ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် မောင်တောမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly